သတင်း

တာလောကြီးကျေးရွာ နှစ်ရှည်ပင်စိုက်ပျိုးမြေနေရာ ဖျက်စီးခံရမှု ပြည်နယ်အစိုးရ စုံစမ်းနေ

ကချင်ပြည်နယ် တာလောကြီးကျေးရွာရှိ ဒေသခံများ၏နှစ်ရှည်ပင်စိုက်ပျိုးထားသည့်မြေနေရာတွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေခြင်းကို စီစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သယံဇာတဝန်ကြီး က ပြောသည်။

လက်ရှိ တာလောကြီးကျေးရွာ အစိုးရ၏သစ်တောကြိုးဝိုင်းအနားရှိဒေသခံများ နှစ်ရှည်ပင်များ စိုက်ပျိုးထားသည့် မြေနေရာတွင် ဦးညွှန့်အောင်ကုမ္မဏီမှ တစ်သျှူးငှက်ပျောစိုက်ရန် ဘတ်ဖိုးဖြင့်လိုက်လံထိုးထားသည့်အတွက် အဆိုပါကိစ္စအား တာဝန်ယူဖြေရှင်းပေးရန်တိုင်ကြားမှုရှိလာသည့်အတွက် ဇွန်လ ၁၇ ရက်နေ့မှစကာ ကွင်းဆင်းစစ်ဆေးထားပြီ ဖြစ်ကြောင်း ကချင်ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒရှီလဆိုင်းက ပြောသည်။

“မနေ့က စုံစမ်းစစ်ဆေးခိုင်းလိုက်တယ်ဆိုတာက ဦးညွှန့်အောင်က ဘယ်သူ့ရဲ့ ခွင့်ပြုမိန့်နဲ့ ဘယ်သူက လုပ်ဆောင်ခိုင်းလို့ဆိုတဲ့ဟာကို တစ်ခုပြီးတစ်ခုစီစစ်ရမှာဖြစ်တယ်။ ရွာသားတွေက လုပ်ခိုင်းတာလား၊ သို့မဟုတ် ဘယ်အဖွဲ့စည်းက လုပ်ခိုင်းတာလဲဆိုတာကို စီစစ်တဲ့ခါမှာ အဖြေတစ်ခုကရလာမှာပါ။ စီစစ်လို့ ဘယ်သူ့ ခွင့်ပြုမိန့်လဲ မရှိဘူးဆိုရင် လုပ်ငန်းကိုလည်း ရပ်တန်းကရပ်ရမယ်။ လိုအပ်ရင်အရေးယူတဲ့ထိပါ ဆောင်ရွက်မှာဖြစ်တယ်။” ဟု ပြောသည်။

ကချင်ပြည်နယ် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးသည်ကုမ္ပဏီ ၃၀ ကျော်ရှိသော်လည်း အစိုးရတွင်တရားဝင်မှတ်ပုံတင်ထားသည့် ကချင်စတားကုမ္မဏီတစ်ခုသာရှိသည်ဟု ဆိုသည်။

တာလောကြီးကျေးရွာအနီးတွင် နှစ်ရှည်ပင်စိုက်ပျိုးထာသည့် မြေဧက ၁၅၀၀ခန့်ရှိပြီး ဒေသခံအိမ်ထောင်စုဦးရေ ၂၀၀ ကျော်က ပိုင်ဆိုင်ကြောင်း ဒေသခံများပြောသည်။ ယခုဦးညွှန့်အောင်ကုမ္ပဏီက ဘတ်ဖိုးနဲ့ထိုးလိုက်သည့်မြေနေရာတွင် ဒေသခံများက အင်ကြင်းပင်နှင့် ကျွန်းပင် အများဆုံးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဘတ်ဖိုးနဲ့ထိုးနေတာ တစ်လလောက်ရှိနေပြီ။ ထိုးတိုင်းလည်း သွားတားတယ်။ အဲနေရာနဲ့ ရွာနှင့်ကျတော့ မနက်သွား ညပြန်လုပ်ကြတယ်။ ဦးညွှန့်အောင် ကုမ္မဏီဘတ်ဖိုးထိုးတဲ့လူကျတော့ အဲတောမှာကိုနေပြီး ထိုးနေကြတဲ့ချိန်ကျတော့ ကျနော်တို့သွားတားတဲ့ချိန်မျိုးတော့ မလုပ်ဘူး။ ကျနော်တို့မမြင်ရင် ပြန်ထိုးကြတာ ခုတစ်လလောက်ရှိပြီ။ ပြီးလည်းပြီးခါးနီးနေကြပြီ။ လုပ်ပိုင်ခွင့်ရှိရင် အထောက်ထားပြပါဆို မပြနိုင်ဘူး။ ကျွန်းစိုက်ထားတဲ့တောင်သူတွေမှာက ပြေစာရှိပါတယ်။ အဲနေရာပတ်လည်မှာလည်း အကျယ် ၇ပေ အနံ ၇ပေလောက်ရှိတယ်။ ဒေသခံတွေ အဲတောထဲကို သွားဖို့လာဖို့ ကျွှဲ နွားတွေထည့်ဖို့လည်း ဘာမှအဆင်မပြေတော့ဘူး” ဟု တာလောကြီးကျေးရွာမှ ဦးအောင်ကျော်ထွန်းကပြောသည်။

အဆိုပါသစ်တော်နယ်မြေသည် ဒေသခံများအတွက် ရေဘေးရှောင်သည့်နေရာဖြစ်သည့်အပြင် နှစ်ရှည်ပင်များစွာလည်း စိုက်ပျိုးထားသည့်အတွက် ယခုကဲ့သိုဖျက်စီးခံရမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့် ၃ ကြိမ်တိုင်တိုင် တိုင်ကြားထားပြီဟု ဆိုသည်။

“ကျနော်တို့အနေနဲ့ သက်ဆိုင်ရာဌာနတွေကို တိုင်တာ ၃ကြိမ်ရှိပြီ။ သက်ဆိုင်ရာကလည်း မလုပ်သေးဘဲ ရပ်ထားဖို့ တားမြစ်ထားတယ်လို့သိရတယ်။ ဒါပေမယ့် သူတို့က ဆက်လုပ်နေသေးတုန်းဘဲ ဒီနေ့နဲ့ မနေ့ကတော့ တောအုပ်ကိုယ်တိုင် သွားရောက်ကွင်းဆင်းနေပြီဖြစ်တဲ့တွက် လုပ်တာမတွေ့ဘူး။ ကျနော်တို့အနေနဲ့လည်း ရောင်းထားတာတွေ ငှားထားတာတွေလည်း မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ထားသည့် မြေဧက ၁သိန်းကျော်ရှိနေပြီး တစ်သျှူးငှက်ပျောစိုက်သည့် လုပ်ငန်းရှင်များနှင့် အလုပ်သမားများကြားအပြင် သစ်တောကြိုးဝိုင်း၊ ဒေသခံများပိုင်မြေစသည့် မြေယာပြသာနာအပါအဝင် ပြသာနာများအားလုံးအား ထိထိရောက်ရောက် ကိုင်သွယ်မည်ဆိုပါက လယ်ယာမြေဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းစံသတ်မှတ်ချက် (SOP) ထွက်ရှိမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မူကြီးကြပ်ရေးနဲ့လူ့စွမ်းအားဝန်ကြီး ဦးဇော်ဝင်းက သုံးသပ်ပြောဆိုခဲ့သည်။

Show More

Related Articles

Back to top button