သတင်း

ဖားကန့်လမ်းပြုပြင်ရန် ပြည်နယ်အစိုးရတွင်စီမံခွင့်မရှိဟူသောအချက်ကို ဒေသခံများ လက်မခံ

ကချင်ပြည်နယ် ဖားကန့်လမ်းမကြီးပြုပြင်ရန် ပြည်နယ်အစိုးရတွင် စီမံခန့်ခွဲပိုင်ခွင့်မရှိဟူသော ဝန်ကြီးချုပ်၏ ပြောဆိုမှုကို ဒေသခံများက လက်မခံသောကြောင့် လှုပ်ရှားမှုများဆက်လက်ပြုလုပ်သွာမည်ဟု ဆိုသည်။

“အင်္ဂလိပ်ခေတ်တုန်းကတောင်မှ ဒီလမ်းကကောင်းခဲ့တယ်။ ဒီကနေ့အစိုးရလက်ထက်မှာ ဒီလမ်းတွေကိုလုပ်ပိုင်ခွင့် မရှိဘူး လုပ်လို့မရဘူးဆိုတော့ မလုပ်ပေးချင်ဘူး အဲသဘောနဲ့ဘဲ ဖြစ်နေတဲ့အတွက် ကျနော်တို့ အရပ်ဘက်အဖွဲ့စည်းအနေနဲ့ စာထည့်သွားမှာဖြစ်တယ်။ ကျနော်တို့ ဒီလောက်အဖိုးတန်တဲ့ကျောက်မျက်ထွက်တဲ့နေရာက ဘာလို့ဒီလိုစုတ်ပြတ်နေလဲဆိုတာ တမင်သက်သက် ကျနော်တို့ကချင်ပြည်နယ်မှာ ဒါမျိုးလမ်းကောင်းတွေ မလုပ်ပေးစေချင်လို့ဘဲ။ စက်ရုံတွေဘာလို့ မလုပ်ပေးချင်သလဲဆိုတဲ့ စိတ်ဓါတ်တွေကိုသိလာပြီ။ အဲကြောင့်မို့ လူထုတွေနဲ့ပေါင်းပြီး လှုပ်ရှားမူတစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်။” ဟု ဖားကန့် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ (Amyusha Zinlum Hpung) အတွင်းရေးမှူး ဦးဒရှီနော်လောန်က ပြောသည်။

ဖားကန့်လမ်းကို ပြုပြင်ပေးရန် ဒေသခံများက၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်သမ္မတထံသို့ စာတင်ခဲ့သော်လည်း ကွင်းဆင်းရုံမှအပ ယနေ့ချိန်ထိတစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိဟုသူကပြောသည်။

ထို့ကြောင့် ဖားကန့်လမ်းပြုလုပ်ပေးရန် လူထုလှုပ်ရှားမှုအပြင် နောက်ထပ် နိုင်ငံတော်သမ္မတရုံးထိစာတင်သွားမည်ဖြစ်ပြီး ထူးခြားမှု တစ်စုံတစ်ရာ မရှိလာလျှင်လည်း လူထုအင်အားဖြင့် တတ်နိုင်သည့််အတိုင်းအသာနှင့် ဖားကန့်လမ်းကို ပြင်ဆင်သွားမည်ဟု ဆိုသည်။

မိုးကောင်း-ဖားကန့်လမ်းသည် စုစုပေါင်း ၅၉ မိုင်ရှည်ပြီး အထူးသဖြင့် မိုးတွင်းကာလ လမ်းမပေါ် ရေလျှံမှုများဖြစ်ကာ သွားလာမှုခက်ခဲမှုများရှိနေသည်။

သို့သော် ဖားကန့်လမ်းပြုပြင်ရေးနှင့်ပတ်သက်ပြီး ဇူလိုင် ၁၇ ရက်နေ့ ပြည်နယ်အစိုးရ၏ ၄ နှစ်သာသတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “မိုးကောင်း-ဖားကန့်လမ်း နဂိုက ကျနော်တို့ ပြည်နယ်အစိုရရဲ့လုပ်ပိုင်ခွင့်ထဲမှာပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာန စာရင်းထဲကို ထည့်လိုက်တဲ့အချိန်ကျတော့ ကျနော်တို့ပြည်နယ်အစိုးရကနေ စီမံခန့်ခွဲပိုင်ခွင့်မရှိတဲ့အတွက် ဒီနေ့ဒီလမ်းက နောက်ကျနေခြင်းဖြစ်တယ်။” ဟု ပြောဆိုသည်။

ကချင်ပြည်နယ်အစိုးရ၏ ပြည်နယ်ဘတ်ဂျက်အသုံးပြုမှုသည် လမ်းဆောက်လုပ်ရေးကဏ္ဍ၌ အများဆုံးဖြစ်သည်ဟု လေ့လာမှုများမှ သိရသည်။

လေ့လာတွေ့ရှိချက်များအရ သယံဇာတပေါကြွယ်ဝသော ကချင်ပြည်နယ်သည် မြန်မာပြည်တွင် တတိယအဆင်းရဲဆုံးဖြစ်နေသည့်အတွက် ပြည်ထောင်စု၏အကျိုးအမြတ်ခွဲဝေမှုကို ပြန်လည်မေးမြန်းသင့်ကြောင်း ဇူလိုင် ၂၂ ရက်နေ့မြစ်ကြီးနားတွင်ပြုလုပ်သော ‘ကချင်မြေမှ သဘာဝသယံဇာတအကြမ်းဖက်မှုရပ်’ စကားဝိုင်းတွင် Another Development အဖွဲ့မှ မဟာဗျူဟာအကြံပေး ဦးမော်ထွန်းအောင်က ပြောသည်။

“ကမ္ဘာ့ဘဏ် နှင့် မြန်မာအစိုးရဗဟိုစားရင်းအင်းဌာနတို့ ပူးတွဲပြီး ပြည်နယ်တွေထဲမှာ အဆင်းရဲဆုံးကို Ranking ချတယ်။ အားလုံးသိတဲ့အတိုင်း အဆင်းရဲဆုံးက ချင်းဖြစ်တယ်။ ဒုတိယ ရခိုင်ပြည်နယ်ဖြစ်တယ်။ ၃ နေရာမှာ ထူးဆန်းတာက ကချင်ပြည်နယ်ဖြစ်နေတယ်။ နံပါတ် ၃ အဆင်းရဲဆုံးပြည်နယ်ဖြစ်နေတယ်။ ကျောက်စိမ်းကနေအခွန်တွေအများကြီးရနေတယ်။ အကျိုးအမြတ်တွေက ဘယ်သူတွေယူနေလဲ။ ဘယ်ကိုရောက်သွားလဲ။ ဒီပြည်နယ်မှာနေတဲ့လူတွေအားလုံး ပြည်နယ်အစိုးရကအစက ပြည်ထောင်စုကို ပြန်ပြီးမေးမြန်းသင့်တယ်။ စနစ်ကိုလည်း ပြန်ပြင်သင့်တယ်။” ဟု ပြောဆိုခဲ့သည်။

ကချင်ပြည်နယ်အစိုးရ၏ ၄ နှစ်တာ သက်တမ်းအတွင်း ဆောက်လုပ်ခဲ့သည့်လမ်းအရေအတွက်မှာ ၄၃မိုင်ရှည်လျှားသော ကွန်ကရစ် ၁၉၆ လမ်း၊ ၅၃မိုင်အရှည် ကတ္တရာလမ်းပေါင်း ၄၀ နှင့် ၅မိုင်အရှည် မြေသားလမ်း ၁၄၃ လမ်းဆောက်လုပ်နိုင်ခဲ့ပြီး ကုန်ကျငွေ စုစုပေါင်း ၃၃.၃၇ ဘီလီယံ ရှိသည်ဟု ပြည်နယ်အစိုးရမှ သိရသည်။

Show More

Related Articles

Back to top button