ရွေးကောက်ပွဲဆိုင်ရာသတင်း

မသန်စွမ်းများ မဲထည့်နိုင်ရေးအချိန်တစ်ခုသတ်မှတ်ပေးရန်တောင်းဆို

လာမည့် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်အဂါၤမသန်စွမ်းသူများ အခက်အခဲမရှိ မဲထည့်နိုင်ရေး အချိန်တစ်ခုသတ်မှတ်ပေးစေလိုကြောင်း ကချင်ပြည်နယ်ကိုယ်အဂါၤမသန်စွမ်းသူများအသင်းမှ ဥက္ကဌ ဦးဇုန်းဆောင် က ပြောသည်။

ကိုယ်အဂါၤမသန်စွမ်းသူများသည် အခြားပြည်သူများနည်းသူ တန်းစီစနစ်ဖြင့် မဲထည့်ရန် အဆင်မပြေသည့်အတွက် အချိန်သတ်မှတ်ပေးစေလိုသည်ဟု ပြောသည်။

“မဲထည့်တဲ့ခါမှာ ကိုယ်အဂါၤမသန်တဲ့အတွက် မတ်တပ်ရပ်ဖို့တန်းစီဖို့ဆိုတာ အရမ်းကိုခက်ခဲတယ်။ သာမန်လူတွေနဲ့ မဲထည့်ခိုင်းမယ်ဆိုရင် မထည့်ခိုင်းတာအကောင်းဆုံးပဲကြောင့်မို့ လာမယ့် ၂၀၂၀ရွေးကောက်ပွဲ မဲထည့်မယ့်ခါမှာလည်း မဲရုံမှူး နိုင်ငံတော်အစိုးရ သက်ဆိုင်ရာတွေအနေနဲ့ ကိုယ်ချင်းစာတရားနဲ့ ကျနော်တု့ိကို သီးသန့်တစ်ချိန်ချိန် ထည့်ခိုင်းရင်တော့ ပိုသင့်တော်မယ်လို့ တင်ပြချင်ပါတယ်။” ဟု ကချင်ပြည်နယ်ကိုယ်အဂါၤမသန်စွမ်းသူများ ဥက္ကဌ ဆရာဂျီဇုန်းဆောင် က ပြောသည်။

ကိုယ်အဂါၤမသန်စွမ်းသူများအနေဖြင့် လွန်ခဲ့သည့်ရွေးကောက်ပွဲတွင် အသင်းသုံး မော်တော်ယာဉ်မရှိသည့်အပြင် တာဝန်ရှိမဲရုံမှူးများနဲ့ ညှိနိူင်းဆောင်ရွက်မှုမျိုးမပြုလုပ်နိုင်ခဲ့သည့်အတွက် မဲ မထည့်လိုက်ရသည့် ကိုယ်အဂါၤမသန်စွမ်းများလည်း များစွာရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

၂၀၁၅ နောက်ပိုင်း မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေထွက်လာပြီးနောက်ပိုင်း အစိုးရ၏ စီမံချက်အရ ၂၀၂၀ ခုနှစ်တွင် မသန်စွမ်းသူများ မဲထည့်နိုင်ရေး သင်တန်းပို့ချမှုများရှိခဲ့သော်လည်း လက်ရှိချိန်တွင် Covid-19 ရောဂါအခြေနေအရ သင်တန်းများရပ်နားထားရကြောင်း ဆရာဇုန်းဆောင်က ဆက်လက်ပြောပြသည်။

သို့သော်လည်း ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း မသန်စွမ်းသူများ မဲပေးနိုင်ရန် အခွင့်ရေး ၂မျိုးသတ်မှတ်ပေးထားကြောင်း သိရသည်။

“မသန်စွမ်းတွေအတွက် မဲပေးပိုင်ခွင့် ၂မျိုးနဲ့ပေးလို့ရတယ်။ ပထမတစ်မျိုးက မဲရုံမှာကိုယ်တိုင်မဲလာပေးလို့ရတယ်။ နောက်တစ်မျိုးက ကြိုတင်မဲပေးလို့ရတယ်။ ကြိုတင်မဲပေးတဲ့ချိန်မှာလည်း ရပ်ကွက်ကော်မရှင်ရုံးကိုလာမပေးနိုင်ရင်လည်း အိမ်ကနေကြိုတင်မဲပေးလို့ရတယ်။ အဲဒါတော့ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲနဲ့ ဆက်သွယ်ညှိနိူင်းရမယ်။ အဲတော့ ရပ်ကွက်ကော်မရှင်ရုံးလာပြီး ကြိုတင်မဲမပေးနိုင်ဘူးဆိုရင် အိမ်မှာဘဲပေးချင်တယ်ဆိုရင် ရပ်ကွက်ကော်မရှင်ရုံးကနေ ရွေးကောက်ပွဲမကျင်းပမီ ၂ရက်အလိုမှာ ကော်မရှင်အဖွဲ့ဝင် ၂ဦးကနေ အိမ်တိုင်ရာရောက် လာယူပေးလို့ရတယ်။” ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ) ဦးထွန်းအောင်ကျော်က ပြောသည်။

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲများတွင် မြစ်ကြီးနား မျက်မမြင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနဲ့ တိုင်ပင်ညှိနိူင်းကာ မဲထည့်ရန်အတွက် အချိန်သတ်မှတ်ပေးခဲ့မှုမျိုးရှိခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။

မသန်စွမ်းသူများအနေဖြင့် မဲလာရောက်ထည့်မည့်အချိန်တွင် မိသားစုဝင်တစ်ဦးအား ခေါ်ပိုင်ခွင့်ရှိကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားပြီးဖြစ်သည်။

မြန်မာနိုင်ငံ ကိုယ်အဂါၤမသန်စွမ်းသူများအသင်းသည် နှစ်ပေါင်းကြာခဲ့သော်လည်း ပြည်နယ်အသင်းအား ၂၀၁၉ခုနှစ်မှ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်သည်။ သို့သော် ပြည်နယ်ကိုယ်အဂါၤမသန်စွမ်းအသင်းအနေဖြင့် ယခုချိန်ထိ အသင်းရုံးနေရာ ရရှိခြင်းမရှိသေးပေ။

“ကျနော်တို့အသင်း ကိုယ်အဂါၤမသန်စွမ်းသူများအသင်းမှာ ရန်ပုံငွေရှာရအောင်လည်း ဦးဆောင်နေတဲ့သူက မသန်စွမ်းဖြစ်နေတဲ့အတွက် ခက်ခဲအများကြီးရှိတယ်။ နိုင်ငံတော်အနေနဲ့လည်း မသန်စွမ်းဥပဒေက ထွက်တာမကြာသေးဘူးဆိုတော့ ကျနော်တို့အတွက် ခေါင်းစဉ်ဘတ်ဂျတ်မရှိဘူးဆိုတာသိတယ်။ ဒါပေမယ့် ပြည်နယ်အစိုးရအနေနဲ့သက်ဆိုင်ရာ ဖွံ့ဖြိုးရေးခေါင်းစဉ်အနေနဲ့ကျနော်တို့ကို နားလည်မှုနဲ့ ပြည်နယ်တွင်းရင်းနှီးမြုပ်နှံမှုလာလုပ်နေတဲ့ ကုမ္မဏီတွေဆီကနေ အကူညီတောင်းပေးဖို့ စာအကြိမ်ကြိမ်တင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ချိန်ထိ ကျနော်တို့ကို တစ်စုံတစ်ရာ တုံ့ပြန်တာမရှိသေးဘူး။” ဟု ကချင်ပြည်နယ် ကိုယ်အဂါၤမသန်စွမ်းသူများ ဥက္ကဌဆရာဂျီဇုန်းဆောင် က ယခုလိုပြောသည်။

ကချင်ပြည်နယ်တွင် မဲထည့်နိုင်မည့် မသန်စွမ်းသူဦးရေ ၁၈၀၀ ကျော်ရှိနေပြီး မဲထည့်နိုင်မည့် သာမာန်ပြည်သူပေါင်း ၁၀ သိန်း ၈ သောင်း ကျော်ရှိကာ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၁၈ ပါတီရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

Show More

Related Articles

Back to top button