ရွေးကောက်ပွဲဆိုင်ရာသတင်း

မဲ စာရင်းလာရောက်ကြည့်ရှုသူ နည်းပါးကြောင်း အုပ်ချုပ်ရေးမှုးများ ပြော

လာမည့် ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းကြေညာမှုသည် မကြာခင်ပြီးဆုံးတော့မည်ဖြစ်သော်လည်း မြစ်ကြီးနားမြို့ ရပ်ကွက်အသီးသီးရှိ အုပ်ချုပ်ရေးရုံးများတွင် မဲစာရင်းလာရောက်ကြည့်ရှုသူ အလွန်နည်းပါးနေကြောင်း အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

မြစ်ကြီးနားမြို့လယ် ဒူကထောင်ရပ်ကွက်တွင် မဲပေးခွင့်ရှိသူ စုစုပေါင်း ၇ထောင်ရှိနေသော်လည်း မဲစာရင်းလာကြည့်သူမှာ တစ်ရက်အတွင်း လူဦးရေ ၁၀၀ ခန့်သာရှိသည်ဟု ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်ဆန့် က ပြောသည်။

“တစ်ရက်နဲ့တစ်ရက်လာကြည့်တာက မတူဘူး။ ဒါပေမယ့် မဲစာရင်းလာကြည့်တဲ့ သူတွေက တစ်ရက်မှာ တစ်ရာ အထက်ဝန်းကျင် လောက်ဘဲရှိတယ်။ တစ်ရပ်ကွက်လုံးကို ပျမ်းမျှနဲ့ပြန်ကြည့်မယ်ဆိုရင် လာကြည့်တဲ့ သူတွေက အရမ်းနည်းတယ်။ ပြောရရင် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းတယ်လို့ဆိုလို့ရတယ်။ ကျနော်တို့ မှန်းထားတာက အင်တိုက်အားတိုက် လာကြည့်ဖို့ မှန်းထားကြတာပေါ့။ ဘာကြောင့်လဲဆိုတော့ မဲပေးနိုင်တဲ့သူတွေက ၇ထောင်ကျော်ခန့်ရှိတယ်။ အခုက မဲစာရင်းကပ်ထားတာ ၁ပတ်ကျော်လာပြီ။ လာကြည့်တဲ့သူတွေက အခုမှ ၂ထောင်လောက်ဘဲရှိသေးတယ်” ဟု ပြောဆိုသည်။

ထိုနည်းတူ လယ်ကုန်းရပ်ကွက်တွင်လည်း မဲပေးခွင့်ရှိသူ လူဦးရေ ၁၆၀၀၀ ကျော်ရှိသော်လည်း မဲ စာရင်းလာကြည့်နှုန်းမှာ ၂၀ ရာနှုန်းသာရှိနေကြောင်း လယ်ကုန်းအုပ်ချုပ်ရေးမှူး ဦးတူးလွမ့်က ပြောသည်။

“မဲစာရင်းလာကြည့်တဲ့ ပြည်သူတွေက အားရလောက်အောင်တော့ မဟုတ်ဘူးပေါ့။ တစ်နေ့ကို ၂၀၀ ဝန်းကျင် လောက်က လာကြည့်ကြတယ်။ မဲပေးခွင့်ရှိတဲ့သူတွေက တစ်သောင်းကျော်ရှိတာပေါ့။ အကြမ်းဖျင်းတွက်ကြည့်ရင် ၂၀ ရာခိုင်နှုန်းဘဲရှိတယ်။ ရာခိုင်နှုန်းတစ်ဝက်လောက်တောင်မရှိဘူး။ ရပ်ကွက်သားတွေက စားဝတ်နေရေးကိုသာ ဦးစားပေးနေတဲ့အတွက် နိုင်ငံရေးအပြောင်းအလဲအတွက် လိုအပ်နေတာကို ဦးစားမပေးနိုင်ဘူးဖြစ်နေတယ်” ဟု ပြောဆိုသည်။

ပြည်သူလူထုအတွက် နိုင်ငံရေးအပြောင်းအလဲဖြစ်စေနိုင်သော ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုမရှိစေရန် ကိုယ်တိုင်သွားရောက်ကြည့်ရှုစစ်ဆေးရမည်ဖြစ်သည်ဟုလည်း တိုက်တွန်းမှုများရှိနေသည်။

ထို့နောက် မြစ်ကြီးနားမြို့နယ်အတွင်း ကျေးရွာအုပ်စုများဖြင့်ဖွဲ့စည်းထားသော ပလနကျေးရွာတွင် မဲပေးနိုင်သောလူဦးရေ ၈ထောင်ကျော်ရှိသည့် အနက် ၁ပတ်ကျော်အတွင်း မဲစာရင်း လာကြည့်သူဦးရေ ၅ထောင်ကျော်ရှိသွားပြီဖြစ်သည်ဟု သိရသည်။

မဲစာရင်းကို စစ်ရှောင်စခန်းအပါအဝင် နေရာ ၇ နေရာတွင် ကြေငြာထားသည့်အတွက် တစ်ရက်လျှင် ၆၀ဦးခန့် လာရောက်ကြည့်ရှု့နေကြောင်း ပလနကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြောသည်။

“ပလနကျေးရွာအုပ်စုမှာက မဲစာရင်းကို ၆ နေရာမှာကြေညာထားတယ်။ အဲ့မှာမဲစာရင်းလာကြည့်တဲ့သူတွေက တစ်နေရာစီမှာ ဆိုရင်တော့ တစ်ရက်အတွင်းလာကြည့်သူတွေက ၆၀ရာခိုင်နှုန်းလောက်က ပုံမှန်နေ့တိုင်း လာကြည့် နေကြတယ်။ ကြားဖြတ်ရွေးကောက်ပွဲထက်တော့ စိတ်ဝင်စားမှုရှိတယ်လို့တော့ ပြောလို့ရတာပေါ့”ဟု ပြောဆိုသည်။

မဲစာရင်းတွင် မိမိ၏ နာမည်အချက်အလက်မှားယွင်းနေပါက လုပ်ထုံးလုပ်နည်းအရ ပြန်လည်ပြုပြင်ပေးရန်ဆောင်ရွက်သင့်ကြောင်း အုပ်ချုပ်ရေးမှူးများကလည်း တိုက်တွန်းပြောဆိုနေကြသည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် မဲစာရင်းကြေငြာမှုကို ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ရက်မှ စတင်၍ ဩဂုတ် ၈ ရက်နေ့အထိ သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးများတွင် ကြေညာထားမည်ဖြစ်သည်။

Show More

Related Articles

Back to top button