စစ်ပြေးဒုက္ခသည်များသတင်း

နေရပ်ပြန်မည့်ကျေးရွာ ၁၄ ရွာအတွက် နေအိမ်များစတင်ဆောက်လုပ်တော့မည်

ကချင်စစ်ရှောင်များနေရပ်ပြန်ရေးအတွက် နေအိမ်ဆောက်လုပ်မှုများကို မကြာခင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC မှ ဦးခါးလီ က ယခုလိုပြောဆိုသည်။

“အခုက အစိုးရနဲ့ညိနှိုင်းဆောင်ရွက်တဲ့အပိုင်းကအားလုံးပြီးပြီ။ အဲ့ကြောင့် ဒီအောက်တိုဘာ ၉ရက်နေ့က စပြီး နေရပ်ပြန်မယ့် ကျေးရွာအားလုံးနေရာမှာ အဆောက်အဦးတွေလုပ်ဖို့ပြင်ဆင်ထားတယ်။ အဓိကတော့ အဆောက် အဦးပြီးတဲ့ အချိန်ကျရင်အားလုံးပြန်နိုင်ပါပြီ။ မျှော်မှန်းထားတာက ဒီဇင်ဘာလောက်မှာတော့ ပြီးမယ်ထင်တယ်။ အဲ့တော့ နွေရာသီမှာတော့ အားလုံးပြန်နိုင်တယ်လို့ထင်တယ် ” ဟု ပြောဆိုသည်။

နေအိမ်ဆောက်လုပ်မှုများကို ဒီဇင်ဘာလအတွင်အပြီးသတ်လုပ်ဆောင်မှာဖြစ်ပြီး ၂၀၂၁ နွေရာသီတွင် နေရပ်ပြန်နိုင်ရေး စီစဉ်ထားသည်ဟု ဆိုသည်။

လက်ရှိနေရပ်ပြန်မည့်အစီစဉ်အတွက် ကျေးရွာပေါင်း ၁၄ရွာတွင် ကွင်းဆင်းထားပြီး ချီဖွေမြို့နယ်အတွင်း ၆ရွာ ၊ မံစီမြို့နယ်အတွင်း ၁ရွာ၊ မိုးမောက်မြို့နယ်တွင် ၆ရွာ၊ မြစ်ကြီးနားမြို့နယ်တွင် ၃ရွာနှင့် ပူတာအိုမြိုနယ်က ၁ရွာဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့မှု ရာခိုင်နှုန်းပိုမိုများပြားလာသည့်အပြင် တစ်ချို့နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် နေရပ်ပြန်ဖို့ သတ်မှတ်ထားသည့် အချိန်ကာလနှောင့်နှေးလာမည်ကိုလည်း စိုးရိမ်နေသည်ဟု နေရပ်ပြန်မည့် ဂျန်မိုင်ကောင့် စစ်ရှောင်စခန်းမှ တာဝန်ခံ တစ်ဦးဖြစ်သည့် ဦးထွယ်အောင်က ပြောဆိုသည်။

“စစ်ရှောင်တွေနေရပ်ပြန်ဖို့ စိုးရိမ်နေတာတွေရှိပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် အဆောက်အဦးတွေ စတင်နေလုပ်ဆောင်တော့မယ် ဆိုတာလည်းကြားသိရတယ်။ ဒါပေမယ့်ရောဂါကူစက်မှုအရမ်းများလာရင် ပြန်ပြီးရပ်နားလိုက်မှာကိုလည်း စိုးရိမ်ရတယ်။ နောက်ပြီး ပိုပြီးစိုးရိမ်ရတာက တိုက်ပွဲတွေပြန်ဖြစ်လာမှာကို အလွန်ဘဲစိုးရိမ်ရတယ်။ အခုနေပြန်ပို့ပေးမယ့် KHCC ကိုယ်တိုင်လည်း လုံခြုံရေးအတွက် တာဝန်မယူဘူးလို့ပြောတယ်။ စစ်ရှောင်တွေက နေရပ်မပြန်လို့မရတဲ့ အခြေအနေဖြစ်နေပြီ။ ဒေသမှာက လယ်ယာမြေတွေဆုံးရှုံးမှုတွေအရမ်းများလာတော့ ပြန်ဖို့ဆုံးဖြတ်လိုက်ကြတာပါ။ အဲ့ကြောင့် ဒီအချက် ၂ခုနဲ့ နေရပ်ပြန်ဖို့ ကြန့်ကြာသွားမှာကို စိုးရိမ်တယ်”ဟု ပြောဆိုသည်။

စစ်ရှောင်အိမ်ခြေ ၅၀၀ကျော်နှင့် လူဦးရေ ၃ထောင်ကျော်အတွက် ပြန်လည်ထူထောင်ပေးနိုင်ရန် ဂျပန်နိပွန်ဖောင်ဒေးရှင်းက ကူညီပေးထားသည်ဟု သိရသည်။

Show More

Related Articles

Back to top button