သတင်း

ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းသူနှင့် သုံးစွဲသူများလာ

ကချင် စစ်ပြေးဒုက္ခသည်များကိုနေရာချထားသည့် မြစ်ကြီးနား ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချမှုနှင့် သုံးစွဲသူများလာသော်လည်း သက်ဆိုင်ရာက ထိရောက်စွာ တာဝန်ယူပေးခြင်းမရှိသဖြင့် လူငယ်မိဘများက စိုးရိမ်နေကြသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများလာသောကြောင့် ကျေးရွာအတွင်း ခိုးမှု၊ လုယက်မှုများလာမည်ကိုလည်း စိုးရိမ်နေကြသည်။

“မူးယစ်ဆေးဝါးကြောင့် ကျွန်တော်တို့ရွာမှာရှိတဲ့ လူငယ်တွေလည်း ပျက်စီးကုန်ပြီ အဖွဲ့အစည်း အသင်းတော်တွေမှာ ပါဝင်မှုလည်း မရှိကြတော့ဘူး။ ဒါကြောင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဒီလိုဘဲဖြစ်နေမယ်ဆိုရင် ရှေ့ဆက် ရောက်လာမဲ့ အချိန်တွေမှာ အိမ်ထောင်တိုင်း ပဋိပက္ခတွေနှင့် ကွဲတဲ့သူက ကွဲ၊ ရွာအတွင်းဆိုလည်း ခိုးမှု၊ လုယက်မှုတွေနှင့် အရမ်းများလာလိမ့်မယ်။” ဟု ငွေပျော်စံပြကျေးရွာဒေသခံ ဦးဇဟဲ ခေါင်ဇယ် ကပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်မှစပြီး မူးယစ်ဆေးဝါးစတင်ဖောင်းပွလာခြင်းဖြစ်ပြီး သက်ဆိုင်ရာ အစိုးရဘက်ကလည်း ထိရောက်စွာ တာဝန်ယူပေးခြင်းမရှိကြောင်း ဒေသခံများပြောသည်။

ကျေးရွာတွင် မူးယစ်ဆေးဝါး ဖောင်းပွလာသောကြောင့် မိဘများက ကလေးများကို မြို့ပေါ်မှာသာ ထားရှိကြောင်း ဒေသခံ ဒေါ်ရွယ်တောင် က ပြောသည်။

“ဒီလို နေရာမှာ မူးယစ်ဆေးဝါးဖောင်းပွနေတာကို အစိုးရက ဘာလို့ ဘာမှတာဝန်မယူတာလဲ။ ဘယ်လိုတာဝန်ယူတယ် ကျွန်မတို့မသိဘူး။ ဒါပေမဲ့ သုံးစွဲတဲ့သူတွေ၊ ရောင်းတဲ့သူတွေရှိနေတဲ့အတွက် ကျွန်မတို့အနေနဲ့ ထိထိမိမိတာဝန်ယူ လုပ်ဆောင်နေတယ်လို့ မတွေ့ရဘူး။ ဒါကြောင့် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ဆိုရင်တော့ ကျွန်မတို့ယုံတယ်။ အရွယ် ရောက်လာတဲ့ကလေးတွေအတွက်စိုးရိမ်တယ်။ ကျွန်မဆို ကျွန်မကလေးတွေကို မြို့မှာဘဲ ထားထားတယ်။ ကြောက်လို့မခေါ်လာရဲဘူး။” ဟု ပြောသည်။

ငွေပျော်စံပြကျေးရွာသည် မြစ်ကြီးနားမြို့ပြင်ပ မိုင် ၂၀ အကွာတွင်ရှိသောကြောင့် အစိုးရရဲတပ်ဖွဲ့ကလည်း အလှမ်းဝေးနေသဖြင့် ကျေးရွာအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့များကို ဖွဲ့စည်းခွင့်ပေးရန် တောင်းဆိုနေကြသည်။

ကျေးရွာအတွင်း မူးယစ်ဆေးဝါး အလွယ်တကူရရှိနိုင်ပြီး သုံးစွဲသူများပြားလာသည့် ကိစ္စနှင့်ပတ်သက်ပြီး ငွေပျော်ကျေးရွာ အုပ်ချူပ်ရေးမှူး က ယခုလိုပြောသည်။

“မူးယစ်ဆေးဝါးနှင့်ပတ်သက်လာလို့ရှိရင်တော့ အရင်ကဒီရွာရောင်းတဲ့သူမရှိရင်တောင်မှ မြို့ထဲက လာရောင်းကြမှာဘဲ။ ရှူတဲ့သူရှိရင်တော့ ရောင်းတဲ့သူတွေက သူ့အလိုလိုနည်းလမ်းပေါင်းစုံနှင့် ရောက်လာမှာဘဲလေ။ အဲ့တော့ ဘယ်မှာရောင်းနေတယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ ဘယ်သူသုံးစွဲနေတယ်ဆိုတာလည်း ကျွန်တော်တိတိကျကျတော့ မသိဘူး။ ကျွန်တော်တို့အနေနဲ့တော့ သတင်းတိကျမှု၊ ကိုယ့်သားသမီး သောက်သုံးတယ်။ ရောင်းဝယ်ဖောက်ကားတယ်ဆိုရင် မိဘတွေက အပ်နှံရဲတဲ့ သတ္တိရှိရမှာ။ မရှိရင်တော့ ဒီမူးယစ်ဆေးဝါးက ပျောက်ပျက်မှာမဟုတ်ဘူး။” ဟု ငွေပျော်စံပြကျေးရွာ အုပ်ချူပ်ရေးမှူး ဦးသောင်းဆာကပြောသည်။

ပလန ကချင်လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ကလည်း ငွေပျော်ကျေးရွာနှင့် လမ်းခရီးဝေးသဖြင့် အချိန်မှီ ချက်ချင်းသွားရောက် ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း တာဝန်ရှိသူများပြောသည်။

ငွေပျော်စံပြကျေးရွာတွင် လက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ကျောင်းနှင့် ကျောင်းသားဦးရေ ၄၅၀ ခန့်ရှိပြီး ကျေးရွာတွင် အရွယ်ရောက် လူငယ် ၃၀၀ ကျော်ရှိကြောင်း သိရသည်။

ငွေပျော်စံပြကျေးရွာကို လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ပြည်နယ်အစိုးရမှ စစ်ပြေးဒုက္ခသည်များကို ပြန်လည်နေရာချထားခဲ့သည်။ လက်ရှိတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်ရှိသည်။

Show More

Related Articles

Back to top button