ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နာဂ အမျိုးသားပါတီ

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ပါက ဒေသဖွံ့ဖြိုးရေး၊ အခြေခံဥပဒေ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပင်လုံကတိကဝတ်အတိုင်း တိုင်းပြည်ပုံဖော်သည့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နာဂအမျိုးသားပါတီမှ ဥက္ကဌ ဦးရူမောင်က ပြောသည်။

“အနိုင်ရသွားပြီဆိုရင် တိုင်းရင်းသားပါတီတွေဖြစ်တဲ့အတွက် ၂ ပိုင်းရှိမယ်လို့ထင်တယ်။ တစ်ပိုင်းကကျတော့ ကိုယ့်ရဲ့မဲဆန္ဒနယ်ရဲ့နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရှိမယ်။ အခြားတစ်ဖက်မှာလည်း တိုင်းရင်းသားပါတီတွေဖြစ်တဲ့အတွက်ကြောင့်မို့ ပိုအရေးကြီးတဲ့အပိုင်းတစ်ခု မြန်မာနိုင်ငံရဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တစ်ခုမှာ အခြေခံဥပဒေရေးဆွဲတဲ့ခါမှာ အဖွဲ့စည်းတစ်ခုဘဲရေးဆွဲတာမျိုးမဟုတ်ဘဲ တိုင်းပြည်တစ်ခုလုံးရဲ့အနာဂတ်ကံကြမ္မာကိုလွှမ်းမိုး အကျိုးသက်ရောက်စေမယ့် အခြေခံဥပဒေပြင်ဆင်ရေးဆွဲတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ(နိုင်ငံရေးပါတီကိုယ်စားပြုမူပေါင်းစုံ) အတူတူရေးဆွဲမယ်။ ဒါကကျနော်တို့ရဲ့မူဝါပိုင်းတွေ ပြောရရင်တော့ ဒီထက်ပိုရှည်ပါတယ် အချုပ်ဘဲပြောတာဖြစ်တယ်။” ဟု နာဂအမျိုးသားပါတီမှ ဥက္ကဌ ဦးရူမောင်ကဆိုသည်။

နာဂအမျိုးသားပါတီသည် ၂၀၁၆ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော ပါတီဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ် ၁၀ နေရာနှင့် တနိုင်း၊ ရှင်ဗွေယန်၊ ခန္တီး၊ ဟုမ္မလင်း စသည့်ဒေသများတွင် ၅နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စုစုပေါင်း မဲဆန္ဒနယ် ၁၅ နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းမဲဆန္ဒနယ် ၁၅နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၅ ဦးအနက် အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ဦးပါဝင်ကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ပညာအရည်အချင်းစံသတ်မှတ်ချက် သတ်မှတ်ထားခြင်းမရှိသော်လည်း ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင်မူ ရွေးကောက်ပွဲသတ်မှတ်ချက်နှင့်ကိုက်ညီသူ၊ အများပြည်သူများက လေးစားထိုက်သူ စသည့်အချက်များဖြင့် ရွေးချယ်ထားကြောင်း နာဂအမျိုးသားပါတီမှ ဥက္ကဌ ဦးရူမောင်က ဆိုသည်။

လက်ရှိချိန်ထိ နာဂအမျိုးသားပါတီသည် ပါတီအင်အား ၂သောင်းခန့်ရှိနေပြီဖြစ်ပြီး နာဂအမျိုးသားပါတီ၏ အားသာချက်သည် မျိုးနွယ်စုများအား အခြေခံကာ တည်ထောင်ထားသည့်ပါတီဖြစ်တဲ့တွက် နာဂလူမျိုးများ၏ ထောက်ခံမူအပြည့်အဝ ရရှိထားသော်လည်း အားနည်းချက်အနေနှင့်မူ လမ်းပန်းဆက်သွယ်ရေးခက်ခဲမူ၊ဖုန်း၊အင်တာနက်လိုင်း မရရှိမူတို့ကြောင့် ပြည်မနိုင်ငံရေးစီးဆင်းမူပုံစံအား ထဲထဲဝင်ဝင်မသိသေးသည့် ပြည်သူများရှိခြင်းသည် အားနည်းချက်တစ်ခုဖြစ်ကြောင်း ပါတီဥက္ကဌ ဦးရူမောင်ကပြောသည်။

“လွှတ်တော်ထဲမှာ တပ်မတော် ၂၅ ရာခိုင်နူန်းနေရာယူထားတယ်ဆိုတာက မဖြစ်သင့်ဘူးဆိုတာက အားလုံးတစ်တိုင်းပြည်လုံးသိပြီးသားပါ။ တပ်မတော်သားတွေကိုယ်တိ်ုင်လည်း သိတယ်လေ အဲကြောင့်မို့ တပ်မတော်သားတွေကိုယ်တိုင်က ပြောခဲ့တဲ့စကားတစ်ခွန်းရှိတာက ငြိမ်းချမ်းရေးမရသေးတဲ့တွက်ကြောင့် ငြိမ်းချမ်းရေးရတဲ့နေ့ ကျနော်တို့ဒီထဲမှာ မနေဘူးဆိုတာက အနှစ်သာရဘာကိုပြောလဲဆိုတာက ဒီနေရာမှာ သူတို့ဝင်ထိုင်ဖို့ မသင့်တော်ဘူးဆိုတာကို သူတို့သိတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။” လို့ နာဂအမျိုးသားပါတီဥက္ကဌ ဦးရူမောင်က ပြောသည်။

သို့သော် ယင်းကိစ္စသည် ထိလွယ်ရှလွယ် ကိစ္စဖြစ်သည့်တွက် တပ်မတော်ပါဝင်နေခြင်းထက် လုပ်ဆောင်သင့်သည့် အရာများတိုင်ပင်ကာ လုပ်ဆောင်သင့်ကြောင်း ၎င်းကဆက်ပြောသည်။

နာဂအမျိုးသားပါတီသည်လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အောင်နိုင်ရေးတွက် ရာခိုင်နူန်းအပြည့်မျှော်မှန်းထားကြောင်းနှင့် ပါတီဆောင်ပုဒ်အနေဖြင့် “ပြန်လည်တည်ဆောက်ကြပါစို့” ဟူသည့် ဆောင်ပုဒ်ဖြစ်ကြောင်း နာဂအမျိုးသားပါတီမှ ဥက္ကဌဦးရူမောင်ကပြောသည်။

 

Show More

Related Articles

Back to top button