ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာ မဲစာရင်း ၁ သောင်းကျော်တိုးလာ

ကချင်ပြည်နယ်တွင် ဒုတိအကြိမ်မဲစာရင်းကြေငြာပြီးနောက် မဲဆန္ဒရှင်ဦးရေ ၁သောင်းကျော်ထပ်တိုးလာကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

ပထမအကြိမ် မဲစာရင်း ကြေညာရာတွင် တစ်ပြည်နယ်လုံးမဲပေးပိုင်ခွင့်ရှိသည့်ဦးရေ ၁၀ သိန်း ၈သောင်းကျော်ရှိခဲ့ပြီး ဒုတိယအကြိမ် မဲစာရင်းပြန်လည်ကြေညာချိန်တွင် ၁၀သိန်း ၉သောင်းကျော်ရှိလာကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင် မှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။

“ပထမအကြိမ်မဲစာရင်းကြေညာပြီးတဲ့ချိန်မှာ ပုံစံ (၃-က)၊ ပုံစံ ၄၊ ပုံစံ ၄(ဂ)နဲ့ တောင်းဆိုတာတွေရှိခဲ့တယ်။ ဒီတောင်းဆိုတဲ့ဟာတွေကို စီစစ်ပြီးတော့မှ ဒုတိယအကြိမ် မဲစာရင်းမကြေညာခင်မှာ စီစစ်ပြီးတော့ ထည့်သွင်းဆောင်ရွက်ပေးခဲ့တယ်။ ပုံစံ ၃ နဲ့ တောင်းဆိုတာ နောက်ပြီးတော့ ပယ်ဖျက်သင့်တာတွေအားလုံး စီစစ်ပြီးတဲ့ချိန်မှာ အသားတင် ၁သောင်းကျော်ပြန်တိုးလာတယ်။” ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဦးထွန်းအောင်ခိုင်က ယခုလို ပြောသည်။

လူဦးရေစာရင်း တိုးလာသည်နှင့်အမျှ မဲရုံအရေအတွက် ပြန်လည်တိုးလာသည်ကိုလည်း တွေ့ရသည်။ ပထမအကြိမ် မဲစာရင်းကြေညာချိန်တွင် တစ်ပြည်နယ်လုံး မဲရုံအရေအတွက် ၈၉၀ ရှိသော်လည်း လက်ရှိချိန်တွင် ၉၁၈ ရှိလာပြီဖြစ်ကာ မဲရုံ ၂၈ ရုံထပ်တိုးလာကြောင်း ၎င်းကဆက်ပြောသည်။

ပထမအကြိမ်မဲစာရင်းအား သြဂုတ်လ ၈ ရက်နေ့မှ ၂၄ ရက်နေ့ထိ ကြေညာခဲ့ပြီး ဒုတိယအကြိမ်မဲစာရင်းကိုမူ အောက်တိုဘာလ ၁ ရက်နေ့ မှ ၁၄ ရက်နေ့ထိ ကြေညာနေပြီဖြစ်သည်။

အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ရှိသည့်အပြင် မှတ်ပုံတင်မရှိသူများအနေဖြင့်လည်း အဖွဲ့စည်းတစ်ခုခု၏ အသိအမှတ်ကဒ်များဖြင့်ရှိပါက မဲပေးနိုင်ကြောင်း ဆက်လက်ပြောဆိုသည်။

“ မှတ်ပုံတင်မရှိသေးသော ပုဂ္ဂိုလ်များ မှတ်ပုံတင်မရှိသော်လည်း အခြားအဖွဲ့စည်းတစ်ခုခုကနေပြီး အသိအမှတ်ပြုထားတဲ့ကဒ်တစ်ခုခုမှာ အဓိကတော့ မှတ်ပုံတင်နံပါတ်ပါရမယ်။ ပြီးရင်ဓါတ်ပုံတင်ပါရမယ်။ ဥပမာ ကျောင်းသားကဒ်လိုမျိုးတွေ၊ ဝန်ထမ်းကဒ်တွေလိုမျိုးတွေ နောက်ပြီးတော့ လုပ်သားကဒ်၊ ကြက်ခြေန်ီကဒ်၊ အရံမီးသတ် တပ်ဖွဲ့ဝင်ကဒ်၊ ပရဟိတတစ်ခုခုရဲ့ကဒ်စသဖြင့်ပေ့ါ ပါတယ်ဆိုရင်လည်း မဲပေးခွင့်ရှိမှာဖြစ်ပါတယ်။” ဟု အရာရှိ ဦးထွန်းအောင်ခိုင်ကပြောသည်။

အဖွဲ့စည်းတစ်ခုခု၏ အသိအမှတ်ကဒ်မရှိသော်လည်း မဲရုံတွင်းရောက်ရှိနေသည့်သူများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြောဆိုနိုင်လျှင်သော်လည်း မဲပေးပိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

နောက်ဆုံးအနေဖြင့် မည်သည့်အထောက်ထားမှမရှိပါက မိမိသက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ မဲစာရင်းတွင် ပါဝင်သူမှန်ကန်ကြောင်း မိမိနေထိုင်ရာလိပ်စာအား မှန်ကန်ကြောင်း ထောက်ခံပေးပါက မဲပေးခွင့်ပြုမည်ဖြစ်ကြောင်း အရာရှိဦးထွန်းအောင်ခိုင်ကပြောသည်။

ကချင်ပြည်နယ်တွင် ပူတာအိုခရိုင်၊ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင် စသည့် ခရိုင်ပေါင်း ၄ခုရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်းသည် ၁၉ ပါတီရှိကာ လက်ရှိချိန်တွင် ဒုတိယအကြိမ်မဲစာရင်းအား ကပ်ထားသည်မှာ ရက်သတ္တပတ်ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button