သတင်း

မိုးကောင်းမြို့နယ် စာသင်ကျောင်းမြေတွင် ဘုန်းကြီးကျောင်းဆောက်လုပ်ရန်ကိစ္စ ဒေသခံတချို့ ကန့်ကွက်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ လွယ်လင်ယာန်အုပ်စု ကျေးရွာတွင် ပြည်သူပိုင်စာသင်ကျောင်း မြေဧရိယာတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတည်ဆောက်ရန်ကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားမှုရှိနေကြောင်း သိရသည်။

အဆိုပါကိစ္စကို အမြန်ဖြေရှင်းပေးရန် ဒေသခံ ၃၀ ကျော်က အောက်တိုဘာလ ၇ရက်နေ့ မနက် ၇နာရီခန့်က ဆန္ဒပြခဲ့ကြသည်။

မိုးကောင်းမြို့မှ ၄မိုင်ခန့်သွားရသည့် လွယ်လင်ယာန်မြို့ဟောင်းကျေးရွာ ကျောင်းမြေနေရာ ၁၀ ဧက၏ ထက်ဝက်ခန့်ကို ကျေးရွာ ရာအိမ်မှူး တစ်ဦးက သာသနာမြေအဖြစ်ခေါင်းစဉ်တပ်ကာ ခြံစည်းရိုးကာယူလိုက်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဦး Hkangda Tu Ring က ယခုလို ပြောဆိုသည်။

“အခုဒီမြေနေရာက ရွာစတင်တည်ရှိကတည်းက ပြည်သူပိုင် ကျောင်းမြေနေရာအဖြစ်သတ်မှတ်ထားတာဖြစ်တယ်။ အခုလည်းအဲမှာ ကျောင်းဆောက်ထားတာဖြစ်တယ်။ အဲ့ဒါကို အခုလက်ရှိ ရာအိမ်မှူးက သာသနာပိုင်နယ်မြေအဖြစ် ကျူးကျော်သိမ်းပိုက်နေတယ်။ အခုကမြေဧက တစ်ဝက်လောက်မှာ ခြံစည်းရိုးတွေကာထာတယ်။ ဒေသခံတွေက ဒါကိုလုံးဝ သဘောမတူဘူး။ အများပိုင်ကျောင်းနယ်မြေလို့ သတ်မှတ်ထားတဲ့မြေနေရာဖြစ်တဲ့အတွက် ဘယ်ဘာသာရေး အဖွဲ့အစည်းလည်း ကျူးကျော်လို့မရဘူး” ဟု ပြောဆိုသည်။

ကျောင်းပိုင်မြေနေရာတွင် မူလတန်းကျောင်းဖွင့်ရန် ကျောင်းဆောင်တစ်ခုတည်ဆောက်ထားပြီဖြစ်သော်လည်း ကျေးရွာ၏ အနေအထားအရ ငွေကြေးခက်ခဲမှုကြောင့် ကျောင်းမဖွင့်နိုင်သေးသည့်အပြင် ကျောင်းတက်မည့် ကျောင်းသားဦးရေ နည်းပါးနေသည့်အတွက် ကျောင်းမဖွင့်နိုင်သေးပဲ ရပ်နားထားဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းနယ်မြေတွင် စတင်ဝင်ရောက်ကျုးကျော်လာအချိန်ကတည်းက တားမြစ်ခဲ့သော်လည်း လိုက်နာမှုမရှိကြောင်း လွယ်လင်ယာန်ကျေးရွာအပါအဝင် ကျေးရွာအုပ်စု ၅ခု၏ အုပ်ချုပ်ရေးမှူး ဦး Gum Ja Naw က ယခုလို ပြောဆိုသည်။

“အခုက အများပြည်သူပိုင်တဲ့စာသင်ကျောင်းဝန်းဖြစ်တဲ့အတွက် အစိုးရနဲ့ဆိုင်တဲ့ ဆေးပေးခန်းတို့၊ အစိုးရုံးတို့က လိုအပ်ရင်က အသုံးပြုလို့ရတယ်။ ဒါပေမယ့်သီးခြား ဘာသာရေးကျောင်းတွေက မည်သည့်အဖွဲ့အစည်းကမှ အသုံးပြုလို့မရဘူးလို့ တားမြစ်ခဲ့ကြတယ်။ အဲလိုကန့်ကွက်နေတဲ့ကြား သူတို့က ၅ ဧကလောက်ကို ခြံစည်းရိုးတွေကာပြီး သိမ်းယူဖို့ လုပ်နေတယ်။ ထွေအုပ်ရုံကိုလည်း စာတင်ပြထားတယ်။ လိုက်နာမှုမရှိဘဲ ဆက်လုပ်တော့ အငြင်းပွားမှုဖြစ်သွားခဲ့တယ်” ဟု ပြောဆိုသည်။

ဒေသခံများ တောင်းဆိုခဲ့သည့်အပေါ် မြေယာကျူးကျော်မှုကို ဖျက်သိမ်းခိုင်းထားပြီး ဆက်လက်လုပ်ဆောင်ခဲ့ပါက မြို့နယ်ထွေအုပ်ရုံးမှ တရားဥပဒေနှင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦး Gum Ja Naw က ဆက်လက်ပြောဆိုခဲ့ သည်။

Show More

Related Articles

Back to top button