Covid-19 Reportingရွေးကောက်ပွဲဆိုင်ရာသတင်း

ကိုဗစ်ကာလ လုံခြုံစွာ မဲပေးနိုင်ရေး အသိပညာပေးလှုပ်ရှားမှု လူငယ်များပြုလုပ်

လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေးနှင့် မဲစာရင်းကိုလည်းနောက်ဆုံး အမြန်စစ်ဆေးကြဖို့တိုက်တွန်းသော လူငယ်အဖွဲ့များက စက်ဘီးစီးလှုပ်ရှားမှုအစီစဉ်ကို မြစ်ကြီးနား မြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့နှင့် We Generation လူငယ်အဖွဲ့တို့ ပူးပေါင်းဦးဆောင်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့ မနက် လူငယ်အယောက် ၃၀ ခန့်က မြစ်ကြီးနားစီတာပူရပ်ကွက်မှ အာလမ်ကျေးရွာအထိ စက်ဘီးစီးကာ လမ်းတစ်လျှောက် ပညာပေးစာစောင်များ ကပ်ခဲ့သည်။

“မြို့နယ်ပြည်သူများအနေနဲ့ကိုယ့်ရဲ့နာမည် မဲဆန္ဒရှင်စာရင်းထဲမှာ ပါမပါ သွားရောက်စစ်ဆေးကြဖို့နှင့် နောက်တစ်ခုက ခုချိန်က ကိုဗစ်ကာလဖြစ်တယ်။ ဒီကာလမှာ ဘေးကင်းလုံခြုံစွာမဲပေးနိုင်ဖို့ ကျွန်မတို့ရည်ရွယ်ပါတယ်။” ဟု ကချင်ပြည်နယ်လူငယ်ရေးရာ မြစ်ကြီးနားခရိုင်တွဲဖက်အတွင်းရေးမှူး မဆိုင်းဆန့် က ပြောသည်။

Covid ကာလ ပြည်သူများအနေဖြင့် မပျက်မကွက်ဘဲ ဘေးကင်းလုံခြုံစွာ မဲပေးကြဖို့ လက်ကမ်းစာစောင်များကို အများတွေ့မြင်နိုင်သောနေရာများတွင် လိုက်ကပ်ခဲ့ကြသည်။

“ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ပြည်သူအားလုံးမှာတာဝန်ရှိတယ်။ အရေးကြီးတယ်။ ကိုဗစ်ကာလလည်းဖြစ်တယ်။ ရွေးကောက်ပွဲလည်းရောက်လာပြီဆိုတော့ မဲသွားပေးတဲ့ချိန်မှာ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဘယ်လိုမျိုးတွေ သွားရောက်ပေးသင့်တယ်ဆိုတဲ့အရာတွေ လိုက်လံအသိပေးတဲ့အရာမို့ ပါဝင်ရခြင်းဖြစ်တယ်။” ဟု လှုပ်ရှားမှုတွင် ပါဝင်သူလူငယ် တစ်ဦး ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက် ပေါက်ထွက်လာသော တတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။

Show More

Related Articles

Back to top button