ရွေးကောက်ပွဲဆိုင်ရာသတင်းအင်တာဗျူး

ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး KBC ဥက္ကဌ ဖြင့်တွေ့ဆုံမေးမြန်းခြင်း

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ မဲပေးကြရန် တိုက်တွန်းသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KBC အသင်းချုပ် ဥက္ကဌ Rev.Dr. Hkalam Samson ကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါတယ်။

မေး။ ။ KBC ကနေ လာမည့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်ထုတ်ထားတာတွေ့ရတယ်။ ပြည်သူတွေအနေနဲ့ မဲထည့်ဖို့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဆရာ့အမြင်လေးပြောပြပေးပါ။
ဖြေ။ ။ ကျနော်တို့ အသင်းတော်ကလူတွေ ရွေးကောက်ပွဲနီးလာပြီဆို မေးခွန်းမေးလာတတ်ကြတယ်။ ကျနော်တို့ ဘာသာရေးဦးဆောင်သူတွေကိုလည်း ဘယ်ပါတီကို မဲထည့်ရင်ကောင်းမလဲဆိုပြီး မေးတာရှိတယ်။ ကျနော်တို့ KBC ကနေလည်း အားလုံးခံယူထားတဲ့အတိုင်း တူပါစေဆိုပြီး ဒါပေမဲ့ တစ်ယောက်ယောက်ရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကတော့ သူဟာနဲ့သူတော့ရှိပါစေပေါ့။ ဒါပေမဲ့ကျနော်တို့က အားလုံးစုပေါင်းပြီးတော့ ပညာပေးတဲ့လမ်းစဉ်အတိုင်းလုပ်ရအောင်ဆိုပြီး ပြီးခဲ့တဲ့ ၂ ပတ်ခန့်က ကျနော်တို့ KBC ရဲ့ EC ကနေ အရေးပေါ်အစီးအဝေးမှာ ဒါကိုထုတ်ပြန်လိုက်တာဖြစ်တယ်။ ဒါပေမဲ့ မိမိကြိုက်တာကိုပြောတာတော့ ပြဿနာ မရှိဘူးပေါ့။

မေး။ ။တိုင်းရင်းသားပါတီတွေအနေနဲ့ ညွန့်ပေါင်းအစိုးရဖြစ်နိုင်အောင်ဆိုပြီး ကြိုးစားမှုတွေရှိနေတဲ့အပေါ် ဆရာ့အနေနဲ့ အမြင်လေးသုံးသပ်ပေးပါ။
ဖြေ။ ။ NLD နဲ့ ကျနော်ပြောကြည့်တဲ့အချိန်မှာ NLD က ညွန့်ပေါင်းအစိုးရလုပ်ဖို့အတွက် အစီစဉ်မရှိဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ USDP တွေကတော့ ဖြစ်နိုင်မဲ့အခြေအနေရှိတယ်။ အရင်သူတို့လက်ထက်တုံးကလည်း တခြားတိုင်းရင်းသားပါတီတွေနဲ့လည်းသူတို့လက်တွဲခေါ်တယ်။ ဒါကြောင့် ဒီမှာတော့ USDP တွေအနေနဲ့က အမှတ်ရနေတာပေါ့။ တိုင်းရင်းသားပါတီတွေနဲ့ အတူလက်တွဲနိုင်တာက ကောင်းတယ်လို့ မြင်မိတယ်။ စစ်အာဏာရှင်နဲ့ ဖွဲ့စည်းပုံတွေကို ဦးဆောင်ပြီး NLD က လုပ်ရမဲ့ အဲ့တာဝန်ကို မလုပ်နေဘူးလို့ ကျနော်ကတော့ ရှင်းရှင်းလင်းလင်းမြင်မိတယ်။

မေး။ ။ နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မဲ့ရွေးကောက်ပွဲမှာ ပိုပြီးတော့ ပြည်သူတွေရဲ့ ရပ်တည်ရာနဲ့ ရွေးချယ်စရာဆိုတာထက် ပြည်သူတွေကို အသိပေးပြောပြချင်တာရှိရင် ဖြည့်စွက်ပြောပေးပါ။
ဖြေ။ ။ ၂၀၁၅ ရွေးကောက်ပွဲက အဖြေမှာ ကျနော်တို့က သင်ယူပြီး ဒီနေ့ကျနော်တို့ WMR အနေနဲ့လည်း အပြင်က ဘာဖြစ်လာမယ်ဆိုဒါကို မှန်းဆပြောဆိုတတ်တဲ့ ကျနော်တို့ ရပ်မိရပ်ဖတွေက ပညာများများယူပြီး ကချင်ပါတီတွေ ပေါင်းစည်းကြပါဆိုပြီး အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီးပြီ။ ကျနော်တို့ ကချင်ပါတီတွေအားလုံး မစည်းရုံးနိုင်သေးဘူး။ ပြီးတော့ လူမျိုးစုပါတီတွေလည်း မစုစည်းနိုင်သေးဘူး။ ကျနော်တို့ WMR အနေနဲ့ကတော့ KSPP ဖြစ်ဖို့အတွက် နာမည်သတ်မှတ်ပေးတယ်။ Logo တွေ အလံတွေကို အတည်ပြုပေးတာဖြစ်တယ်။ ကျနော်ကိုယ်တိုင်လည်း ပါတီပေါင်းစည်းရေး ဖြစ်မြောက်ရေးကော်မတီ ၁၇ ဦးမှာ ပါတယ်။ WMR အနေနဲ့ စုစည်းလိုက်ရင် ကောင်းတယ်လို့ အမြင်ပေးတယ်။

ဒါပေမဲ့ စုစည်းလိုက်တဲ့အထဲမပါဝင်တဲ့ ကချင်ပါတီတွေနဲ့ လူမျိုးစုပါတီတွေလည်းရှိတယ်။ ဒါလည်း WMR နဲ့ဆိုင်နေသေးတဲ့ ပါတီတွေဖြစ်တယ်။ ပြောချင်တာက ဒီနေ့ကျနော်တို့ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ ရောက်ရှိလာမဲ့ ရွေးကောက်ပွဲမှာ ကျနော်တစ်ဦးတစ်ယောက်အနေနဲ့ ပြည်သူတွေကို အကြံပြုပေးချင်တာက ပါတီကိုကြည့်တာ မှားတယ်လို့ မပြောလိုဘူး။ ဒါပေမဲ့ ကျနော်တစ်ဦးတစ်ယောက်အနေနဲ့ပြောနိုင်တာက လူဖြစ်တဲ့ ကချင်ဆိုတာကို ဦးစားပေးရအောင်။ တစ်ကယ်ကို အမျိုးသားရေးမှာ အနစ်နာခံ အရှုံးခံပြီး လုပ်နိုင်တဲ့သူ လုပ်နေတဲ့သူကို ဒီနေ့ကျနော်တို့ ရွေးချယ်ရင် မမှာဖူးလို့ အကြံပြုချင်တယ်။

အရေးကြီးဆုံးက ကိုယ်တိုင် မဲကို ထည့်ဖြစ်အောင်ထည့်ပါ။ ဒီနေ့ကျနော်တို့ တိုင်းရင်းသားတွေ ဒီမဲထည့်တဲ့နေရာမှာ အရမ်းအာနည်းနေသေးတယ်။ မဲစာရင်းမှာ ကိုယ့်နာမည်ပါလား မပါလားတောင် သွားမကြည့်ကြဘူး။ ဒါကြောင့် မဲထည့်နိုင်အောင်လုပ်ပါ။

Show More

Related Articles

Back to top button