သတင်း

ဖားကန့် စည်ပင်ဥက္ကဌ ရွေးချယ်မှုတွင် အစိုးရက ဗဟိုဦးစီး စနစ်ဆန်နေကြောင်း ကချင်အတိုင်ပင်ခံအဖွဲ့ ထောက်ပြ

ဖားကန့်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌရွေးချယ်သည့်ကိစ္စတွင် ပြည်နယ်အစိုးရ၏လုပ်ရပ်သည် ဗဟိုဦးစီးစနစ်ဆန်လွန်းကာ ပြည်သူ့အသံကို လှစ်လျူရှုရာ ရောက်နေကြောင်း ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR က ပြည်နယ်ဝန်ကြီးချုပ်ထံ အကြံပြုခဲ့သည်ဟု သိရသည်။

“ဥက္ကဌ ရွေးချယ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေကြားမှာ တော်တော် ဝေဖန်သုံးသပ် နေတာရှိနေပါတယ်။ အဲ့ဒါက မဲအများဆုံရရှိသူကို ဥက္ကဌနေရာမပေးဘဲ မဲနည်းတဲ့သူကို ဥက္ကဌနေရာမှာ ပေးလိုက် တယ်လို့ကြားရပါတယ်။ တစ်ချို့က စိတ်မကောင်းတဲ့အတွက် ကန့်ကွက်နေတာတွေကို မြင်တွေ့နေရတာပေါ့။ အဲ့ဒါကိုကျနော်တို့ WMR ကလည်းမှားယွင်နေတယ်လို့ သုံးသပ်လို့ရတယ်။ ပြောချင်တာက ပြည်နယ် အစိုးရအနေနဲ့ တရားမျှတမှုရှိရှိ ပြည်သူလူထုရဲ့စကားသံနားထောင်ပြီး ရွေးချယ်ပေးရင်ပိုကောင်းလိမ့်မယ်လို့ထင်တယ်။ အဲ့ဒါကို အကြံပြုတဲ့သဘောအနေနဲ့ အိပ်ဖွင့်စာပေးခဲ့တာပါ” ဟု ကချင်အတိုင်ပင်ခံအဖွဲ့ WMR မှ ပြောဆိုခွင့်တာဝန်ရှိသူ ဦး Tang Gun က ယခုလို ပြောဆိုသည်။

လွန်ခဲ့သော သြဂုတ်လ ၁၈ရက်နေ့ စည်ပင်သာယာရေးကော်တီး ဥက္ကဌရွေးချယ်တင်မြောက်နိုင်ရန်အတွက် ဖားကန့်မြို့ ပေါ် ၅ရပ်ကွက်မှ ကိုယ်စားလှယ်များအသီးသီးက ဝင်ရောက်ရွေးချယ်ခံ ခဲ့ပြီး နောက်ဆုံး မြို့နယ်အဆင့်တွင် ၈ဦးကျန်ရှိ သည့်ကိုယ်စားလှယ်များကို ရွေးချယ်ရေးကော်မတီအဖွဲ့က ထပ်မံ မဲခွဲဆုံးဖြတ်ခဲ့သည်။

နောက်ဆုံး မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ဦးနော်ဆန့် ၃မဲ၊ ဦးမင်းမင်းစိုးနှင့် ဦးမြင့်အေးတို့က ၂ မဲစီ ဖြင့် အသီးသီးအနိုင်ရရှိခဲ့ပြီး ဖားကန့်ဒေသခံပြည်သူများက မဲအများဆုံးရရှိခဲ့သည့် ဦးနော်ဆန့်ကို ဥက္ကဌ အဖြစ် ထင်ကြေးပေးခဲ့ကြသည်။

သို့သော် ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်များ၏ အမည်စာရင်းများကို ပြည်နယ်အစိုးရထံသို့ အတည်ပြုပေးရန်တင်ပြခဲ့သည့်အပေါ် ပြည်နယ်အစိုးရအဖွဲ့က မဲအများဆုံးရရှိသော ဦးနော်ဆန့်ကို အဖွဲ့ဝင်အဖြစ်သာ သတ်မှတ်ပြီး သူ့ထက်မဲနည်းသော ဦးမင်းမင်းစိုးကိုသာ ဥက္ကဌ အဖြစ်အတည်ပြုပေးလိုက်သည်။

ပြည်နယ်အစိုးအနေနှင့် မဲအများဆုံးရရှိသူကို ဥက္ကဌနေရာတွင် မခန့်အပ်နိုင်ပါက ပြည်သူလူထုကို မဲခွဲဆုံးဖြတ်ခိုင်းစရာ မလိုအပ်သလို လက်ရှိမြန်မာနိုင်ငံက ဖက်ဒရယ်နိုင်ငံကို တည်ဆောက်နေသည့်အချိန်တစ်ခုဖြစ်နေသည့်အတွက် ပြည်သူလူထု၏ထောက်ခံမှုကိုသာ ဦးစားပေးသင့်ကြောင်း ဦး Tang Gun က ဆက်လက်ပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ‘စည်ပင်သာယာရေး ဥပဒေမှာ မဲအများဆုံးရရှိသူကို ဥက္ကဌအဖြစ်ခန့်အပ်ရမည်လို့ အတိအကျ မပြဌာန်းထားဘူး’ ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရှင်းလင်းတင်ပြထားသည်ကိုလည်း မြင်တွေ့ရသည်။

မဲအများဆုံးရရှိသော ဦးနော်ဆန့်ကို ဥက္ကဌနေရာ မပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်း ဖားကန့်အရပ်ဖက်အဖွဲ့အစည်းများ က အောက်တိုဘာလ ၁၃ရက်နေ့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ လိပ်မူကာ သဘောထား ထုတ်ပြန်ခဲ့ကြသည်။

Show More

Related Articles

Back to top button