ရွေးကောက်ပွဲဆိုင်ရာသတင်း

Stay Home ကြေညာထားသည့် ကချင်မှ မြို့နယ် ၂ ခုတွင် မဲဆွယ်စည်းရုံးခွင့်မပြု

ကချင်ပြည်နယ်မှ မိုးညှင်းမြို့နယ် နှင့် ဖားကန့်မြို့နယ်ကို Stay Home ကြေညာလိုက်သဖြင့် ထိုမြို့နယ်များတွင် နိုင်ငံရေးပါတီများ မဲဆွယ်ရန် လုံးဝ ခွင့်ပြုမည်မဟုတ်ကြောင်း မိုးညှင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိ ဦးမျိုးမင်းဦးထံမှ သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနမှ ဖားကန့်မြို့နယ်နှင့်မိုးညှင်းမြို့နယ်အား Stay at Home မြို့နယ်အဖြစ် သတ်မှတ်လိုက်သည်။

“ကျန်းမာရေးဝန်ကြီးဌာနကနေ ကူးစက်ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ ဖားကန့်နဲ့မိုးညှင်းမြို့နယ်မှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ နေအိမ်မှာနေထိုင်ဖို့ Stay at Home အကျိုးဝင်တယ်ဆိုပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တဲ့အတွက် Stay at Home သတ်မှတ်ထားတဲ့မြို့နယ်တွေမှာ မဲဆွယ်ခွင့်လုံးဝ ခွင့်မပြုတော့ပါဘူး။ လမ်းမှာထွက်ပြီးမဲဆွယ်တာတွေ နေအိမ်ထိသွားပြီးမဲဆွယ်တာတွေ အဆောက်အဦးထဲမှာ မဲဆွယ်ပွဲလုပ်နေတာတွေကို လုံးဝခွင့်မပြုတော့ကြောင်း စာထုတ်ပြီးညွှန်ကြားထားပြီး ဖြစ်တယ်။” ဟု အရာရှိဦးမျိုးမင်းအောင်က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ထားသည့် စည်းကမ်းချက်၊ လုပ်ထုံးလုပ်နည်း(SOP) အရ Stay at Home သတ်မှတ်ထားသည့် နေရာများတွင် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်ခွင့်မရှိကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိကချင်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်သူ ၉၅ ထိရှိလာပြီး ၎င်းတို့ ၉၅ ဦးအနက် ပထမအများဆုံး သည် ဖားကန့်မြို့မှ ၅၇ ဦးဖြစ်ပြီး မိုးညှင်းမြို့နယ်တွင် ၁၇ ဦးဒုတိယအများဆုံးဖြစ်သည်။

မိုးညှင်းတစ်ခရိုင်လုံးတွင် မြို့နယ် ၃ခုရှိပြီး မဲဆန္ဒရှင်စာရင်းအရ ဖားကန့်မြို့နယ်တွင် ၁၆၂၉၄၈ ဦး၊ မိုးကောင်းမြို့နယ် ၁၀၃၂၅၃ဦး၊ မိုးညှင်းမြို့နယ် ၁၅၈၆၉၄ဦးရှိပြီး မဲစာရင်းကြေညာပြီးနောက်တွင် မဲပေးပိုင်ခွင့်ရှိသူ ၄၂၄၈၉၅ ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

နိုင်ငံရေးပါတီများအနေဖြင့် Stay at Home သတ်မှတ်ထားသည့် နေရာများတွင် မဲဆွယ်ခွင့်မရှိတော့သည့်အတွက် အွန်လိုင်းမှတစ်ဆင့်သာ မဲဆွယ်ရန်ပြင်ဆင်ထားကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးလအောင်က ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။

“Stay at Home ကာလဖြစ်တဲ့ချိန်ကျတော့ ပြည်သူတွေနဲ့ထိတွေ့ပြီး မဲဆွယ်ဖို့ တစ်ဖက်ကလည်း ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရတဲ့အနေထားဖြစ်နေတဲ့အတွက် သိပ်ပြီးမှတော့ အဆင်မပြေဘူး။ အွန်လိုင်းနဲ့သွားတယ်ဆိုတာကလည်း လက်ရှိကတော့ B Plan ပေါ့။ ကျနော်တို့ပါတီရဲ့အကြောင်းတွေသိချင်တဲ့သူတွေလည်း မေးလာတဲ့သူတွေရှိနိုင်တဲ့အတွက် Stay at Home ကာလဆိုလည်း အားလုံးက Facebook တော့သုံးကြမယ်။ ဒါကြောင့် အွန်လိုင်းကနေ မဲဆွယ်မယ့် အစီစဉ်တော့ရှိပါတယ်။” ဟု ကိုယ်စားလှယ်လောင်း ဦးလအောင်က ဆိုသည်။

ဖားကန့်မြို့ကို စက်တင်ဘာလ ၂၀ရက်နေ့မှ စတင်ကာ Stay at Home သတ်မှတ်လိုက်သည့်အတွက် မဲဆွယ်ဖို့ရန် စီစဉ်ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များ ဖျက်သိမ်းလိုက်ရကြောင်း ၎င်းကဆက်ပြောသည်။

ကပ်ရောဂါကာလဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရာတွင် ခက်ခဲများရှိနေသောကြောင့် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ရက်နေ့အား ရွှေ့ဆိုင်းပေးရန် နိုင်ငံရေးပါတီအချို့မှ တောင်းဆိုထားသော်လည်း စက်တင်ဘာလ ၁၉ ရက်နေ့ “၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့် သတင်းမီဒီယာအခန်းကဏ္ဍ” အွန်လိုင်းဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် Covid-19 အကြောင်းပြချက်နဲ့ အထွေထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းဖို့ရန် မရှိကြောင်း ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၁ သိန်းခန့်၊ မဲရုံပေါင်း ၉၁၈ ရုံ နှင့် ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၉ ပါတီရှိသည်ဟု သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

Show More

Related Articles

Back to top button