ရွေးကောက်ပွဲဆိုင်ရာသတင်းအင်တာဗျူး

“ဝန်ကြီးနေရာကမ်းလှမ်းတာထက် ပိုပြီးကျော်လွန်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုမျိုးတည်ဆောက်ကြမလဲဆိုတာကို ဆွေးနွေးဖို့လိုအပ်တယ်။ ဒါမှမဟုတ်ရင် ဘာမှထူးလာမှာမဟုတ်ဘူး”

ရွေးကောက်ပွဲအနိုင်ရ NLD နှင့် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီများ တွေ့ဆုံခဲ့သည့်အခြေအနေများ၊ ဖက်ဒရယ်တည်ဆောက်ရေးအတွက် အနာဂတ်အလားအလာများနှင့်ပတ်သက်၍ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒု-ဥက္ကဌ ၂ ဦးကွမ်ကရောင်အောင်ခမ်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။

မေး – NLD နဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီက ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ခဲ့ကြတယ်။ အဲအပေါ်မှာ ဘယ်လိုအခြေအနေရှိလဲ သိချင်ပါတယ်။

ဦးကွမ်ကရောင်အောင်ခမ်း – ကျွန်တော်တို့အနေနဲ့ မတွေ့ခင်တစ်ရက် ဒီဇင်ဘာ ၃၁ ရက်မှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အစည်းအဝေးလုပ်ပါတယ်။ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ အကြောင်းကြားတာက ပထမဆုံးဖိတ်စာပို့ဖို့လိုတယ် အကြောင်းကြားစာကို တရားဝင်ပေးပို့ဖို့လိုတယ်။ ဒုတိယတစ်ချက်ကတော့ နေရာထိုင်ခင်းပေါ့။ တတိယအချက်ကတော့ ကိုယ်စားလှယ်ရွေးချယ်တဲ့နေရာမှာ (KSPP) ရဲ့ CEC ရဲ့ ကိုယ်စားလှယ်ရွေးချယ်မူအရပဲ လုပ်ဆောင်သွားမယ်ဆိုတဲ့အချက်ကို ကျနော် အကြောင်းကြားတယ်။ ဒါပေမယ့် သူတို့ကတော့ ဘာမှပြန်လည်အကြောင်းကြားခြင်းမရှိခဲ့ဘူး။ သူတို့ရဲ့မူအရပဲသွားမယ် သူတို့ဆုံးဖြတ်ချက်အရ သွားမယ်ဆိုတဲ့နေရာမှာ လူထုကိုပြောချင်တာကတော့ NLD နဲ့တွေ့ဆုံဖို့ကို ကျွန်တော်တို့ CEC ကနေ သဘောတူထားတယ်။ ဒုတိယအချက်အနေနဲ့တော့ ညီညွတ်ရေးအစိုးရမှာလည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆုံးဖြတ်ချက်ရှိပါတယ်။ ဒါပေမယ့် တွေ့ဆုံတဲ့နေရာမှာလည်း တန်းတူရည်တူ ဒီကကိုယ်စားလှယ်တွေနဲ့ပဲ ရှိနေတယ်ဆိုတော့ နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်လဲဆိုတော့ လဆန်းတစ်ရက်နေ့မှာ ကျနော်တို့ဥက္ကဌနဲ့ ရွေးကောက်ခံထားရတဲ့ကိုယ်စားလှယ်နှစ်ဦး စုစုပေါင်း သုံးဦးသွားတွေ့တယ်။ သွားတွေ့တဲ့နေရာမှာ ကျနော်တို့ CEC ကနေ လက်ခံနိုင်တဲ့အချက်မရှိပါဘူး။ ဒါကြောင့်မို့ သူတို့သွားတွေ့တာက တစ်သီးပုဂ္ဂလအနေနဲ့ သွားတွေ့ခြင်းသာဖြစ်ပါတယ်။ ပါတီဆိုတာကတော့ CEC နဲ့ပေါင်းးဆည်းထားခြင်းဖြစ်ပါတယ် ဒါကြောင့်လဲ ဘယ်ကိစ္စမဆို CEC ရဲ့သဘောတူညီချက်နဲ့ဘဲ ဆုံးဖြတ်ရမှာပါဆိုတော့ ဒီကနေ သူတို့ခေါ်တဲ့ပုံစံမျိုး အနိုင်ရရှိတဲ့ ကိုယ်စားလှယ်တွေကိုပဲခေါ်တယ်။ သူတို့ဘက်ကတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီကို ဒီလိုမျိုးခေါ်တဲ့ပုံစံက အခက်ခဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပါတီတွင်းညီညွှတ်မှုပြိုကွဲသွားနိုင်ပါတယ်။ ဒါကြောင့် ဒီဟာမျိုးတွေမလုပ်ဖို့ ပါတီရဲ့ CEC ဆုံးဖြတ်ထားချက်အရ စေလွှတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ပဲ တွေ့ဆုံဖို့ဆိုတဲ့ဟာမျိုးဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျနော်တို့စိုးရိမ်တာကတော့ ပါတီအချင်းချင်းတွေ့ဆုံဖို့ အနာဂတ်အတွက် ပြန်လည်သင့်မြတ်ရေးအတွက်လည်း အခက်ခဲဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နောက်နောင်ကို ဒီလိုမလုပ်ဖို့ အရေးကြီးတဲ့အချက်တစ်ချက်အနေနဲ့ ပြောလိုပါတယ်။

မေး – တစ်ကယ်လို့ NLD ဘက်က အစိုးရဖွဲ့ခဲ့ရင် (ဥပမာ) ဝန်ကြီးနေရာတစ်နေရာဖြစ်ဖြစ် ကမ်းလှမ်းခဲ့မယ်ဆိုရင်ရော လက်ခံဖို့၊ ရှိ/မရှိ ပါတီထဲမှာ ဆွေးနွေးအတည်ပြုထားတာမျိုးရှိထားလား။

ဦးကွမ်ကရောင်အောင်ခမ်း – ကျွန်တော်တို့ကတော့ အဓိက ဝန်ကြီးနေရာအတွက်ကိုဆွေးနွေးထားခြင်းမဟုတ်ပါဘူး။ အဓိက မူပေါ်လစီပါ အနာဂတ်ဖက်ဒရယ်တည်ဆောက်ဖို့ ဘယ်လိုမျိုးလုပ်မလဲဆိုတာ အဓိကဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲလုပ်တယ်ဆိုတာက အဓိကတော့ အစိုးရဖြစ်ရေး၊ ဝန်ကြီးတွေဖြစ်ရေးတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူများပေးမှရမယ့် ပုံစံမျိုးကျွန်တော်တို့မလိုလားပါဘူး အဓိကတော့ ညှိနိူင်းဆောင်ရွက်ပြီး အနာဂတ်အတွက် ညီညွတ်ရေးအစိုးရဖွဲ့ဖို့လိုအပ်တယ်ဆိုတဲ့အချက်ကို လက်ခံပြီးမှ ပြောဆိုနေခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ခုနတုန်းကပြောတဲ့အတိုင်းဘဲ သူတို့ဆွေးနွေးမူကိုလည်းလက်ခံတယ်။ ပူးပေါင်းဆောင်ရွက်မူကိုလည်း လုပ်သွားမှာပါ။ ဒါပေမယ့် ဒီဝန်ကြီးတွေကမ်းလှမ်းတာလောက်က ဘာမှအဓိပ္ပါယ်မရှိဘူး။ အဓိကကတော့ ဝန်ကြီးဆိုတဲ့နေရာထက် ပေါ်လစီအရ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုမျိုးတည်ဆောက်မလဲ ဘယ်လိုမျိုးလုပ်ညှိနိူင်းဆောင်ရွက်မလဲဆိုတာကို ပြောလိုပါတယ်။

မေး – အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် NLD အနေနဲ့ တစ်ကယ်က ဘာတွေလုပ်သင့်တယ်လို့ထင်လဲ။

ဦးကွမ်ကရောင်အောင်ခမ်း – NLD ကတော့ ခုတောင်ပြိုကမ်းပြို ကောင်းကင်ပါပြိုအောင် နိုင်ထားတာဆိုပြီး သူတို့ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်ကပြောတယ်ဆိုတော့ သူတို့အနေနဲ့ လွတ်လွတ်လပ်လပ် အစိုးရဖွဲ့ခွင့်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ဘာမှ အငြင်းပွားစရာမလိုဘူး။ ဒါပေမယ့် အမျိုးသားညီညွတ်ရေးအစိုးဖွဲ့ဖို့ဆိုတာတော့ အကုန်လုံးနဲ့တိုင်ပင်ဆွေးနွေးပြီးမှ လုပ်သွားရမယ်။ တန်းတူညီတူ အသိအမှတ်ပြုကြရမယ်။ စာနဲ့ပေနဲ့အထောက်အထားနဲ့ စနစ်တကျသွားဖို့လိုပါတယ်။ ခုဟာက သူတို့လဖက်ရည်သောက်တဲ့ပုံစံ အစည်းအဝေးတွေ့ဆုံတဲ့ ဂါဝရပြုတဲ့ပုံစံနဲ့ ဒါမျိုးမဖြစ်စေချင်ဘူး။ တိတိကျကျ သူတို့စီမှာအစီစဉ်တွေရှိရမယ်။ ချပြရမယ်။ ကျန်တဲ့ပြည်နယ်ပါတီတွေကိုလည်း ချပြရမယ်။ ကျွန်တော်တို့ဘယ်လိုမျိုးဖြစ်စေချင်တယ်။ ဘယ်လိုလုပ်စေချင်တယ်။ ဘာတွေလုပ်ဖို့လိုအပ်တယ်ဆိုတာမျိုးက တိတိကျကျရှိရမယ်။ ဒါမျိုးအစီအစဉ်မရှိပဲ လုပ်တဲ့ဟာကျတော့ အနာဂတ်အတွက်လည်း မကောင်းဘူး။ ပြည်သူအတွက်လည်း မကောင်းဘူး။ ကျွန်တော်တို့အတွက်လည်းမကောင်းဘူး။ သူတို့အတွက်လည်းမကောင်းဘူးဆိုတာကို ပြောလိုပါတယ်။

မေး – NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ ဆက်တိုက်တွေ့မှာဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဦးကွမ်ကရောင်အောင်ခမ်း – ကျွန်တော်တို့ပေါင်းစည်းပါတီကတော့ ပါတီမူတစ်ခုတည်းဖြစ်တယ်။ နံပါတ် ၁ တရားဝင်စာပေးဖို့လိုမယ်။ နံပါတ် ၂ တွေ့ဆုံဖို့ သီးသန့်နေရာတစ်ခုလိုတယ်။ တတိယကတော့ ရွေးချယ်ထားတဲ့ကော်မတီတွေနဲ့ပဲ တွေ့ဆုံဖို့လိုတယ်။ နောက်ပြီး ၁၉၄၇ ပင်လုံစာချုပ်ကိုလက်တွေ့အကောင်အထည်ဖော်ဖို့ လိုပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး၊ အသစ်ရေးဆွဲမလား နောက်တစ်ခုက ဝန်ကြီးနေရာကမ်းလှမ်းတာထက် ပိုပြီးကျော်လွန်တဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုမျိုးတည်ဆောက်ကြမလဲဆိုတာကို ဆွေးနွေးဖို့လိုအပ်တယ်။ ဒါမှမဟုတ်ရင် ဘာမှထူးလာမှာမဟုတ်ဘူး။ ရလဒ်ကောင်းထွက်လာမှာမဟုတ်ဘူး။

Show More

Related Articles

Back to top button