မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ကသိုင်းတောင် (Kaseng Bum) သံသတ္တုတူးမည့် စီမံကိန်းကန့်ကွက်ရန် ကော်မတီဖွဲ့

ကချင်ပြည်နယ် ဖားကန့်မြို့  ကသိုင်းတောင်(Kaseng Bum)တွင် သံအမျိုးအစားသတ္တုတစ်မျိုးဖြစ်သည့် Uranium ကို စီမံကိန်းကြီးတစ်ခုအဖြစ် တူးဖော်ရန် ပြည်ထောင်စုအစိုးရက ပြင်ဆင်နေသည့်အပေါ် ကန့်ကွက်ရန် ပူးပေါင်းကော်မတီတစ်ခုကို ဖားကန့်ဒေသခံ ကချင်လူမှုအဖွဲ့အစည်းများက ဖွဲ့စည်းထားပြီဖြစ်ကြောင်း သိရသည်။

ကချင်လူမှုအဖွဲ့အစည်း ၆ခု ပူးပေါင်းကာ အစိုးရ၏ သံသတ္ထုတူးဖော်မည့် စီမံကိန်းများကို ကန့်ကွက်ရန် “Jinghpaw Wunpawng Shinggyim Nau Na Pawng Hpawm Komiti (ကချင်လူမှုအဖွဲ့အစည်းများ ပူးပေါင်းကော်မတီအဖွဲ့)”ဟု ဇန်နဝါရီလ ၁၆ရက်နေ့ ဖားကန့် ကချင်ရိုးရာယဉ်ကျေးမှုကော်မတီရုံး၌ စတင်ဖွဲ့စည်းခဲ့သည်ဟု ဦးလမောင်လတောင်က ပြောသည်။

“မကြာမှီအစိုးရက လုပ်ဆောင်လာမယ့် သံသတ္ထုတူးဖော်တူးဖော်သည့် စီမံကိန်းကြီးကို မလိုလားတဲ့အတွက် ရပ်တန့်အောင် ကန့်ကွက်ဖို့ ကော်မတီတစ်ခုဖွဲ့စည်းထားပြီ။ ဒီအဖွဲ့အစည်းကနေပဲ ဖြစ်လာမယ့် ပြဿနာတွေကို အတူဖြေရှင်းဖို့ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကချင်အဖွဲ့အစည်းကနေ လုပ်ငန်းတစ်ခုလုပ်ကိုင်ပြီဆိုရင် အစိုးရကနေ ဝင်ရောက် ဖမ်းဆီးတာတွေလုပ်မြဲနေကြဖြစ်တယ်။ ဒါကြောင့် အားလုံးဝိုင်းဝန်းလုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်” ဟု ပြောဆိုသည်။

ဒေသခံဌာနယ်တိုင်းရင်းသားများကို အသိမပေးပဲအကောင်ထည်ဖော်မည့် သံသတ္ထုတူးဖော်ရန် စီမံကိန်းကိုလုံးဝမလိုလားကြောင်း သဘောထားထုတ်ပြန်ချက်နှင့်အတူ စာသားပါ ဆိုင်းဘုတ်များကို ကသိုင်းတောင်အနီးတဝိုက် စိုက်ထူသွားမည်ဖြစ်ကြောင်းကို သူက ဆက်လက်ပြောဆိုထားသည်။

သံသတ္တုတူးဖော်မည့်စီမံကိန်းသည် လက်ရှိနောက်ဆုံးအခြေအနေတွင် ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရထံသို့ အမြင်သဘောထား တောင်းခံထားသည့် အဆင့်တွင်ရှိနေပြီး ပြည်နယ်အစိုးရကလည်း နိုင်ငံတော်၏ ဘတ်ဂျက်လိုအပ်ချက်အရ လုပ်ထုံ လုပ်နည်းအရ စနစ်တကျလုပ်ဆောင်သွားမည်ဆိုပါက ကန့်ကွက်ရာမရှိကြောင်း မှတ်ချက်ပြုထားသည့်အခြေအနေတွင်ရှိနေသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဒါရှီလဆိုင်းက KNG သတင်းဌာနကို ယခုလတွင် ဖြေကြားထားသည်။

ပြည်နယ်ထောင်စုအစိုးရအနေဖြင့် ပြည်နယ်အစိုးရ၏ သဘောထားရယူပြီးနောက် ရင်းနှီးမြုပ်နှံလိုသည့် လုပ်ငန်းရှင်များ ကိုတင်ဒါနစ်ဖြင့်ခေါ်ယူကာ ယခုနှစ် ၂၀၂၁အတွင်း စတင်အကောင်အထည်ဖော်လုပ်ဆောင်နိုင်မည့် အလားအလာရှိနေကြောင်း သိရသည်။

ကသိုင်းတောင်ဒေသတွင် ယခင်အစိုးရလက်ထပ်အဆက်ဆက် နိုင်ငံတော်ရဲ့အရံသတ္ထုသိုက်အဖြစ်သတ်မှတ်ထားသည့်အပြင် ဘူမိဗေဒနည်းများဖြင့် လေ့လာစမ်းသပ်ချက်အရ ကသိုင်းတောင်တွင် သံသတ္ထုပါဝင်မှုနှုန်း ၅.၅၆ရာခိုင်နှုန်း ပါဝင်နေပြီး တန်ချိန်ပေါင်း သန်း ၂၀၀ကျော်ခန့်ရှိနေသောကြောင့် စီမံကိန်းအကောင်အထည်ဖော်လာခြင်းဖြစ်သည်ဟု ပြည်နယ်သယံဇာတရုံးမှ သိရသည်။

ဖားကန့်တွင် သံအမျိုးစား ယူရေနီယမ်တူးဖော်ရန် လွန်ခဲ့သော စစ်အစိုးရလက်ထပ် ၂၀၀၈ခုနှစ်ခန့်ကတည်းက စမ်းသပ်မှုများပြုလုပ်ခဲ့သည်မှန်သော်လည်း ၂၀၁၁ခုနှစ် ကချင်ပြည်နယ်တွင်တိုက်ပွဲများ ဖြစ်ပွားလာသောကြောင့် အဆိုပါစီမံကိန်းများ ယာယီရုပ်သိမ်းသွားကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button