Covid-19 Reportingသတင်း

မြစ်ကြီးနား ကားကြီးကွင်းဟောင်းဘေးရှိ ဆု တည်းခိုခန်းတွင် အမျိုးသမီးတစ်ဦး၌ ကိုဗစ် ပိုးတွေ့

မြစ်ကြီးနား၊ သီတာရပ်ကွက်၊ ကားကြီးကွင်းဟောင်းရှိ ဆု တည်းခိုခန်းတွင် လာရောက်တည်းခိုနေသည့် အမျိုးသမီးတစ်ဦးတွင် ဇန်နဝါရီလ ၂၀ ရက်နေ့ ကိုဗစ်ပိုးတွေ့ရှိကြောင်း သီတာရပ်ကွက်အုပ်ချုပ်ရေးရုံးမှ သိရသည်။

အဆိုပါ အမျိုးသမီသည် ရန်ကုန်မှကိုယ်ပိုင်ကားဖြင့် လာရောက်ကာ ယင်းတည်းခိုခန်းအဟောင်းတွင် လာရောက်တည်းခိုနေရာမှ ပိုးစစ်ဆေးရာတွေ့ရှိခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးက ပြောသည်။

“သူတို့က ရန်ကုန်ကနေ ရန်ကုန်ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ ပိုးစစ်ပြီးမှ မြစ်ကြီးနားကို ကိုယ်ပိုင်ကားနဲ့ လာတဲ့အဖွဲ့ ၁၀ယောက်အဖွဲ့ ဟုတ်တယ်။ ခုလောလောဆယ်မှာ တည်းခိုခန်းတွေလည်း ဧည့်လက်မခံကြတော့ အဲဒီ ဆုတည်းခိုခန်းမှာ တည်းတာ ဆုတည်းခိုခန်းကလည်း လူဘယ်သူမှမရှိပါဘူး။ စီမံကိန်းဧရိယာထဲပါတဲ့အတွက် ဖျက်ဖို့ လုပ်နေတဲ့ တည်းခိုခန်းပါ။ ပိုးတွေ့တဲ့လူကိုတော့ မြစ်ကြီးနားဆေးရုံကို ပို့ထားလိုက်ပြီ။” ဟု သီတာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးထံမှ သိရသည်။

ယင်းအဖွဲ့ရောက်ရှိလာသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ပြီး ဆုတည်းခိုခန်းတွင် တည်းခိုနေသည်မှာလည်း ၁၀ ရက်ခန့်ရှိပြီဖြစ်သည်။

လက်ရှိချိန်တွင် ပိုးတွေ့ရှိခြင်းမရှိသည့် ကျန် ၉ ဦးကိုမူ ဆု တည်းခိုခန်းတွင်သာ ပြန်လည်တည်းခိုခိုင်းထားပြီး ဇန်နဝါရီလ ၂၁ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံပိုးစစ်ဆေးသွားမည်ဖြစ်ကြောင်း သီတာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးက ပြောသည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်း ပိုးတွေ့လူနာ ပိုမိုများလာပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ တစ်ရက်ထဲတွင် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တွင် ပိုးတွေ့လူနာ ၁၁ ဦးထိရှိခဲ့သည်။

ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ဇန်နဝါရီလ ၁၉ ရက်နေ့ထိ အတည်ပြုပိုးတွေ့လူနာပေါင်း (၇၇၇)ဦးထိ ရှိခဲ့ပြီး သေဆုံးသူ တစ်ဦး၊ ဆေးရုံဆင်းပြီးသူ(၆၇၉)ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button