သတင်း

ကျေးရွာ ကျန်းမာရေးဆေးပေးခန်း မြေနေရာတွင် ဘာသာရေးအဆောက်အဦးတည်ဆောက်မှုအပေါ် ငွေပျော်ဒေသခံများ မလိုလား

စစ်ပြေးဒုက္ခသည်များကို ပြန်လည်နေရာချထားပေးသည့် ငွေပျော်စံပြကျေးရွာတွင်  ကျေးရွာကျန်းမာရေးဆေးပေးခန်း တည်ဆောက်ရန်သတ်မှတ်ထားသည့် မြေနေရာတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတည်ဆောက်လိုက်မှုအပေါ် ပွင့်လင်းမြင်သာမှုရှိစေလိုကြောင်း ဒေသခံတစ်ချို့က ပြောဆိုနေကြသည်။

၂၀၁၉ ခုနှစ်ကစပြီး ဘုန်းကြီးကျောင်း စတင်တည်ဆောက်လာတာ ဖြစ်ပြီး ကျေးရွာအုပ်ချူပ်ရေးမှူး တစ်ယောက်အနေဖြင့် အဆိုပါအကြောင်းအရာကို မသိရှိရသောကြောင့် သက်ဆိုင်ရာအဆင့်ဆင့်သို့ မေးမြန်းကြည့်ရာ ခွင့်ပြုထားခြင်းမရှိကြောင်း တွေ့ရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းဆာ က ပြောသည်။

“ကျွန်တော်တို့ ပြည်သူတစ်ဦးအနေနဲ့ ပြောချင်တာကတော့ ပြည်နယ်အစိုးရအနေနဲ့ ခွင့်ပြုချက်ပဲ ပေးပေး၊ မြို့နယ်အုပ်ချူပ်ရေးမှူးအနေနဲ့ ခွင့်ပြုချက်ပဲပေးပေး၊ အထက်က လူကြီးတွေ ခွင့်ပြုချက်ပေးတာကိုတော့ ကန့်ကွက်တဲ့အဆင့်ထိတော့ မရည်ရွယ်ဘူး။ ဒါပေမဲ့ ဒေသခံ ပြည်သူလူထုတွေရဲ့ ဆန္ဒကိုတော့ ဘယ်လိုဖြစ်စေချင်သလဲ ဆိုတဲ့ ဆန္ဒကိုတော့ အသိမှတ်ပြုပေးစေချင်တယ်။ ခွင့်ပြုတယ်ဆိုရင် ခွင့်ပြုတယ် ပြည်သူတွေကို အသိပေးပါ။ ခွင့်မပြုဘူးဆိုရင် တားဆီးပေးပါ။ ပြတ်ပြတ်သားသား အဖြေတစ်ခု လိုချင်ပါတယ်။ ခွင့်ပြုလိုက်ပြီဆိုရင်လည်း အများပြည်သူကို ချပြသင့်တယ်လို့မြင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို အဲ့လိုချပြခဲ့တာ မရှိခဲ့ဘူး။” ဟု ငွေပျော်စံပြကျေးရွာ အုပ်ချူပ်ရေးမှူး ဦးသောင်းဆာ က ပြောသည်။

ထိုသို့ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေမှုကို ရပ်တန့်ရန် ပလန ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးက တားမြစ်စာ ထုတ်ခဲ့သော်လည်း လက်ရှိချိန်ထိ ဆောက်လုပ်နေဆဲ ဖြစ်သည်။

ကျေးရွာ၏ ဆေးရုံဆေးပေးခန်း တည်ဆောက်ရန်အတွက် သတ်မှတ်ထားသည့် မြေနေရာ ဖြစ်သဖြင့် ထိုသို့ ဘုန်းကြီးကျောင်း တည်ဆောက်လိုက်ခြင်းကို ကန့်ကွက်ကြောင်း အုပ်ချူပ်ရေးမှူးအပါအဝင် ဒေသခံ ၁၈၄ ယောက်က ပြည်နယ်ဝန်ကြီးချူပ်ထံ ကန့်ကွက်စာ တင်ခဲ့သော်လည်း အကြောင်းပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဘုန်းကြီးကျောင်းတည်ဆောက်နေခြင်း ပြီးစီးလာပြီဖြစ်သော်လည်း အစိုးရဘက်မှ ကျေးရွာဆေးရုံဆေးပေးခန်းအတွက်ဟုဆိုကာ ပြောဆိုညွှန်ကြားလာခြင်းမရှိသေးကြောင်း ဆိုသည်။

ငွေပျော်စံပြကျေးရွာသည် မြစ်ကြီးနားမြို့မြောက်ဘက် ၁၅ မိုင်အကွာ အင်ခိုင်ဘွမ်တောင်ခြေတွင်တည်ရှိပြီး ၂၀၁၄ ခုနှစ် စစ်ပြေးဒုက္ခသည်များကို ပြန်လည်နေရာချထားသည့် ကျေးရွာဖြစ်သည်။

လက်ရှိအချိန် ကျေးရွာအိမ်ခြေ စုစုပေါင်း ၄၀၀ ကျော်ရှိပြီဖြစ်သော်လည်း ကျေးရွာကျန်းမာရေးဆေးရုံ မရှိသေးသည့်အပြင် မြို့နှင့် အလွန်ကွာဝေးသောကြောင့် ကျေးရွာအတွင်းသာ ဆေးရုံတည်ဆောက်ပေးရန် ငွေပျော်စံပြကျေးရွာပြည်သူများက လိုလားနေကြသည်။

Show More

Related Articles

Back to top button