သတင်း

မြို့နယ်အဆင့်စည်ပင်ကော်မတီများကို ဖေဖော်ဝါရီလတွင် အပြီးဖွဲ့စည်းမည်

ကချင်ပြည်နယ်အတွင်း မြို့နယ်အဆင့် စည်ပင်ကော်မတီဖွဲ့စည်းခြင်းကို လာမည့် ဖေဖော်ဝါရီလတွင် အပြီးတိုင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ပြန်လည်ပြင်ဆင်သည့် စည်ပင်ဥပဒေအရ ပြန်လည်ဖွဲ့စည်းသွားမည့် မြို့နယ်စည်ပင်သာယာရေးကော်မတီများ၏ သက်တမ်းသည် အစိုးရသက်တမ်းနှင့်အတူ (၅)နှစ်ထမ်းဆောင်ရမည်ဖြစ်သည်။

“အရင်တုန်းက ကော်မတီသက်တမ်းက (၃)နှစ်ကို ပြန်လည်ပြင်ဆင်လိုက်တဲ့ ဥပဒေမှာက (၅)နှစ်ဆိုပြီး ပြန်ပြင်လိုက်တယ်။ အဲဒီ (၅)နှစ်က အစိုးရသက်တမ်းနဲ့အညီဖြစ်ရမယ် အဲတော့ ပြန်လည်ဖွဲ့စည်းမယ့်ကော်မတီက သက်တမ်း(၅)နှစ်ထမ်းဆောင်ရမယ် အဲခါကျတော့ ကျနော်တို့ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကျတော့ ကချင်ပြည်နယ်လွှတ်တော်ကနေ ရေးဆွဲပြဌာန်းတဲ့ ဥပဒေအတိုင်း သွားနေတဲ့ခါကျတော့ လာမယ့်စည်ပင်သာယာရေးကော်မတီကို ဖေဖော်ဝါရီလမှာအပြီးဖွဲ့စည်းသွားမယ်။” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ပြောသည်။

ယင်းပြန်လည်ပြင်ဆင်လိုက်သည့် ဥပဒေအား ပြီးခဲ့သည့် ၂၀၂၀ခုနှစ်၊ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်ပြခဲ့သောပြင်ဆင်သည့် ဥပဒေမူကြမ်းအား အစည်းအဝေး စတုတ္ထမြောက်နေ့တွင် အတည်ပြုခဲ့သည်။

လက်ရှိ တာဝန်ထမ်းဆောင်နေသည့် စည်ပင်သာယာရေးကော်မတီအဖွဲ့များသည် အမျိုးသားဒီမိုကရေအဖွဲ့ချုပ်(၂၀၁၅-၂၀၂၀) သက်တမ်းကုန်ဆုံးသည်နှင့်အတူ တာဝန်ပြီးဆုံးမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

ပြန်လည်ဖွဲ့စည်းသွားမည့် စည်ပင်ကော်မတီအား ကြီးကြပ်ရွေးချယ်ရန် ကြီးကြပ်ရွေးချယ်ရေးအဖွဲ့ အရပ်သား ၄ဦး၊ ဝန်ထမ်း ၃ဦး၊ မြို့မိမြို့ဖ ၅ဦးပါဝင်သည့် စီစစ်ရွေးချယ်ရေးအဖွဲ့မှ စီစစ်သွားမည်ဖြစ်ပြီး စီစစ်ရွေးချယ်ထားသူများအား သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့သိ်ု့ပေးပို့ကာ အတည်ပြုချက်ရယူရမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ဆိုသည်။

“စည်ပင်ကော်မတီမှာ ဥပဒေရှိတယ်။ မဲအများဆုံးရတဲ့သူကို ဥက္ကဌတင်မြောက်ရမယ်ဆိုတာ ဥပဒေမှာမပြဌာန်းထားဘူး။ မဲအများဆုံး ရတဲ့နှစ်ယောက်ကို ဝန်ကြီးကနေတစ်ဆင့် ပြည်နယ်အစိုးရကို တင်ပြရမယ်။ ပြည်နယ်အစိုးရကနေ အတည်ပြုတဲ့သူကိုဘဲ စည်ပင်ဥက္ကဌအဖြစ်တာဝန်ပေးရမယ်ဆိုတာပဲ ကော်မတီရွေးချယ်ခြင်းရဲ့နောက်ဆုံးအဆုံးအဖြတ်က ပြည်နယ်အစိုးရဖြစ်တယ်။”ဟု စည်ပင်ဝန်ကြီးကပြောသည်။

အခန်းပေါင်း ၁၉ ခန်းပါရှိသည့် ကချင်ပြည်နယ်စည်ပင်ဥပဒေအား ၂၀၁၃ခုနှစ် မေလ ၂၀ ရက်နေ့တွင်စတင်ပြဌာန်းခဲ့သည်။

ထို့နောက် NLD အစိုးရလက်ထက် ၂၀၁၇ခုနှစ် သြဂုတ်လ ၉ရက်တွင် ပထမအကြိမ် စည်ပင်ဥပဒေအား ပြန်လည်ပြင်ဆင်ခဲ့ပြီး ဒုတိယအကြိမ်ပြန်လည်ပြင်ဆင်ခြင်းကိုမူ ၂၀၂၀ခုနှစ် သြဂုတ်လ ၂၈ ရက်တွင်ပြန်လည်ပြင်ဆင်ခဲ့သည်။

 

Show More

Related Articles

Back to top button