သတင်း

လယ်မြေ အကွက်ရိုက်ရောင်းချနေမှု တားမြစ်ခြင်းမှာ သိမ်းယူရန်မဟုတ်ဘဲ စနစ်တကျဆောင်ရွက်ရန်သာဖြစ်

မြစ်ကြီးနားမြို့ လယ်ယာမြေပေါ်တွင် အိမ်အကွက်ရိုက်နေမှုကို တားမြစ်ထားခြင်းသည် ပြန်လည်သိမ်းယူရန်မဟုတ်ဘဲ စနစ်တကျလုပ်ထုံးလုပ်နည်း အတိုင်းဆောင်ရွက်ပေးသွားရန်သာဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

“လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့နဲ့ ဒါတွေကိုဘယ်လိုလုပ်သွားမလဲ ဘယ်လိုအရေးယူသွားမလဲ၊ မြို့မြေဆို ဘယ်လိုလုပ်မယ် ဘယ်လိုသင်ပြမယ် ဒါကို ကျနော်တို့က စနစ်တကျဖြစ်စေတာပေါ့။ လက်ရှိ ကျနော်တို့က ဒါကြီးကိုမလုပ်နဲ့ဆိုပြီး ဒီမြေ သူပိုင်တဲ့ဟာကို သွားသိမ်းနေတာမဟုတ်ပါဘူး။ သိမ်းဖို့အစီစဉ်လည်းမရှိပါဘူး။ သို့သော်လည်း လုပ်ချင်တယ်ဆိုရင် ဥပဒေနဲ့အညီ လယ်ယာမြေကို အခြားနည်းသုံးဖို့ လျှောက်ရမှာဖြစ်ပါတယ်။” ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

သို့သော်တားမြစ်သည့်အခြေအနေတွင် ဆက်လက်ကျူးလွန်ပါက ဥပဒေအတိုင်းအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လယ်ယာမြေတွင် အခြားနည်းသုံးစွဲခွင့်လျှောက်ရာတွင် စားသောက်ဆိုင်၊ စက်သုံးဆီအရောင်းဆိုင် အစရှိသည့် စီးပွားရေးလုပ်ကိုင်ရန်လျှောက်မည်ဆိုပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြောသည်။

“ခုကျနော်တို့ရပ်ကျေးတွေ စာထုတ်တဲ့အခါမှာ ဘယ်နေရာမှာဘယ်လိုတွေလုပ်ထားလဲဆိုတာကို အရေအတွက်ဒီနေ့ထိဆို များသောအားဖြင့်သိမယ်။ တစ်ချို့နေရာတွေမှာ လယ်တွေရှိနေသေးတာကို။ ဒါကိုလည်း အုပ်ချုပ်ရေးမှူးတွေနဲ့ လယ်ဆည်ကိုခေါ်ထားပြီး ဆွေးနွေးသွားမယ်။ ဒီလူတွေဘယ်လိုလုပ်ထားလဲဆိုတာကို ပြီးတော့လာမယ့်အပတ်ကျရင်လည်း အဲတောင်သူတွေခေါ်တွေ့မှာဖြစ်တယ်။ ဥပဒေနဲ့အညီလုပ်နိုင်တာကို ကျနော်ချပြပေးသွားမယ်။ လိုအပ်တဲ့ ရုံးလုပ်ငန်းစနစ်တွေကို ကျနော်ကူညီပေးမယ်။ ဒါပေမယ့် ကျနော်တို့ မသိဘဲနဲ့တော့ အောက်ခြေမှာလုပ်တာကိုတော့ လုံးဝတားမြစ်ထားတယ်။” ဟု မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

မြို့မြေများပိုင်ဆိုင်ထားသော်လည်း မြို့မြေသည် မြို့ပြစနစ်အတိုင်း အတိအကျလုပ်ဆောင်လုပ်ဆောင်ရန်လိုအပ်သည့်အပြင် ယင်းကဲ့သို့လုပ်ဆောင်ရာတွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကာ စည်ပင်သာယာရေး၊ ကျန်းမာရေး၊ မီးသတ်၊ မြို့ပြဦးစီးဌာန၊ အစရှိသည့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကွင်းဆင်းစစ်ဆေးကာ အစိုးရအဖွဲ့သို့တင်ပြရမည်ဖြစ်ပြီး အစိုးရမှခွင့်ပြုရန်သင့်မသင့် စစ်ဆေးပြီး ခွင့်ပြုချက်ရမှသာ လုပ်ဆောင်ရန် လိုအပ်ကြောင်း မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

အကွက်ရိုက်ထားသော်လည်း အချို့မြေနေရာများတွင်လမ်းများအား ပေ(၂၀)သာ ထားရှိသည့်အတွက် ဥပမာ မီးလောင်ချိန် မီးသတ်ကားများဝင်ရောက်ရာတွင် အခက်ခဲများရှိနေကြောင်း သိရသည်။

လက်ရှိမြစ်ကြီးနားမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ မြို့မြေ၊လယ်ယာမြေများပေါ်တွင် ခြံကွက်များအား အကွက်ရိုက်သည့်အတွက် တားမြစ်ချက်ထုတ်ထားသည့် ရပ်ကွက်များမှာ ရမ်ပူ၊ ရွှေစက်၊ စီတာပူ၊ နန်းကွေ့၊ တပ်ကုန်း၊ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ပလန အစရှိသည့် အစရှိသည့် ရပ်ကွက်များတွင် ဇန်နဝါရီလ ၂၃ ရက်နေ့မှစကာ တားမြစ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

သို့သော် ပလနကျေးရွာအုပ်စုသည် လမ်းဘေး၊ ဝဲယာတစ်လျှောက်ရိုက်ထားသည့် အိမ်ခြံအကွက်များနှင့်ပတ်သက်ပြီး ပြန်လည် စဉ်းစားပေးရန် ဝန်ကြီးချုပ်ထံစာတင်ပြရန်ရှိကြောင်း ပလနကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ကပြောသည်။

“အရင်တုန်းက ရွာခံတွေကျတော့နည်းနည်းလေး သူတို့မှာလယ်လေးတွေချောင်းလေးတွေရှိကြတာပေါ့ နည်းနည်းသက်သာတာပေါ့။ ခုကျတော့ ဒီဘက်မှာစစ်ရှောင်တွေလည်း ရောက်ရှိလာကြတော့ တစ်ချို့ကျတော့လည်း မိမိနေရပ်ကို သွားချင်တဲ့သူရှိသလိုမသွားချင်တဲ့သူလည်းရှိတယ်။ ကလေးတွေကလည်း လုပ်ငန်းကိ်ုင်ငန်း တစ်ချို့ကျတော့လည်း ရေသန့်စက်ရုံတွေမှာ အလုပ်လေးဘာလေးရကြတော့ သူတို့တွေလည်း ဒီမှာနေချင်ကြလို့ အကွက်လေးတွေ ယူထားကြတာရှိတယ်လို့ သိရတယ်။ ကျနော်မေးကြည့်တော့ ဒီဘက်မှာ ဝယ်တဲ့သူတွေက လက်လုပ်လက်စားပြည်သူတွေ အများဆုံးဝယ်ကြတာများတော့ စဉ်းစားပေးဖို့ စာတင်ပြဖို့ရှိပါတယ်။” ဟု ပလနကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြောသည်။

ထို့ကြောင့် ၎င်းအနေဖြင့် ပလနရှိအချို့နေရာများတွင် အိမ်အကွက်ရိုက်ထားခြင်းအား သက်ဆိုင်ရာအစိုးရမှ သက်ညှာစဉ်းစားပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button