ရွေးကောက်ပွဲဆိုင်ရာသတင်း

အာဏာသိမ်းရသည့်အကြောင်းရင်းကို တပ်မတော်က ကချင်ဘာသာရေးခေါင်းဆောင်များကို ရှင်းပြ

NLD အစိုးရထံမှ အာဏာသိမ်းရခြင်းအကြောင်းရင်းကို အသင်းသားများကို ပြန်လည်ရှင်းပြရန်ဆိုပြီး တပ်မတော်က ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြစ်ကြီးနားရှိ ကချင် ဘာသာရေးအဖွဲ့များဖြင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မြစ်ကြီးနားခရစ်ယာန်အသင်းတော်များကောင်စီ MCC တို့ ဖြင့် အောင်နန်းကတ်သလစ်ဘုရားကျောင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“မနေ့က သူတို့ လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အသင်းတော် ခေါင်းဆောင်တွေကို ပြန်ရှင်းပြတဲ့သဘောဖြစ်တယ်။ သမ္မတရုံးက ထုတ်ပြန်တဲ့အတိုင်း မဲနဲ့ပတ်သက်တဲ့ဟာ မလုပ်ပေးလို့ နောက်ဆုံးတော့ ဒီလိုလုပ်လိုက်ရတယ်ပြီး အသင်းသားတွေကို ရှင်းပြပေးဖို ဆရာတို့ကို လာရှင်းပြတာဖြစ်တယ်” ဟု MCC မြစ်ကြီးနားခရစ်ယာန်အသင်းတော်များကောင်စီမှ ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ မဂျီဘောက်လာ က ပြောသည်။

တပ်မတော်ဖက်မှ အရေးပေါ်အခြေအနေကို ၁ နှစ်ဟု ကြေညာသော်လည်း တတ်နိုင်သမျှ အာဏာပြန်လည်လွှဲပြောင်းပေးခြင်းကို အမြန်ပြုလုပ်ပေးရန် တောင်းဆိုမှုများလည်းရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ မဲစာရင်းမသမာမှုများဖြစ်နိုင်သည်ဟူသော စွပ်စွဲချက်နှင့်အတူ အစိုးရကို တောင်းဆိုထားသည့်အချက်များ လိုက်လျောခဲ့ခြင်းမရှိခြင်းကြောင့်ဟုဆိုကာ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်၏ အာဏာကို သိမ်းယူလိုက်သည်။

တစ်ဆက်တည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ထိပ်သီးခေါင်းဆောင်အဆင့်မှ မြို့နယ်အဆင့် ခေါင်းဆောင်များအထိ အပြင်၊ အစိုးရဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံးကို တပ်မတော်က ထိန်းသိမ်းခဲ့သည်။

သို့သော် ယနေ့ နေ့လည်ပိုင်းအတွင် အများစုပြန်လည်လွှတ်မြောက်လာပြီဖြစ်သည်။

တပ်မတော်၏ နိုင်ငံတော်အာဏာသိမ်းယူမှုနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button