ရွေးကောက်ပွဲဆိုင်ရာသတင်း

အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် ဦးခက်ထိန်နန်ကို ခန့်အပ်

နိုင်ငံတော်အာဏာ သိမ်းယူပြီး ၂ ရက်မပြည့်ခင် မြန်မာ့တပ်မတော်က  ‘နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ’ ကိုဖွဲ့စည်းပြီး တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်များနေရာတွင် ‘စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ’ အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၀ နာရီအချိန်တွင် အသီးသီးခန့်အပ် ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အာဏာသိမ်းခံရပြီးနောက် သူ၏နေရာတွင် ဆွေမျိုးတော်စပ်သူ ဦးခက်ထိန်နန်ကို ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်လိုက်သည်။

တပ်မတော်က ပြည်ထောင်စုအဆင့်ဝန်ကြီးများကို ထုတ်ပြန်ကြေညာခဲ့ပြီး နောက်တစ်ရက်တွင် တိုင်းနှင့် ပြည်နယ် ဝန်ကြီး (စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ) များကို ခန့်အပ်ကြောင်း ယနေ့ည ပြန်လည်ကြေညာခဲ့ခြင်းဖြစ်သည်။

ဦးခက်ထိန်နန်သည် လက်ရှိတွင် ကချင်တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌဖြစ်သည်။ သူသည် ယခင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီဖြင့် မဟာမိတ်ဖွဲ့ခဲ့သော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် UDPKS ပါတီ ၏ ဥက္ကဋ္ဌ ဟောင်းဖြစ်ခဲ့သည်။

သူသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

UDPKS ပါတီသည် ကချင်နိုင်ငံရေးပါတီများပေါင်းစည်းရာတွင် ပါဝင်လာသောကြောင့် ၂၀၁၉ ခုနှစ်တွင် ပါတီ ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီဖြစ်သည်။

ဦးခက်ထိန်နန်သည် ပါတီပေါင်းစည်းပြီးနောက် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP တွင် ဒု ဥက္ကဋ္ဌ – ၁ အဖြစ်ကာလတစ်ခုကြာ ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် နှုတ်ထွက်သွားခဲ့သည်။

https://fb.watch/3pe9azHJGA/ (KSPP ပါတီမှ ဦးခက်ထိန်နန် နှုတ်ထွက်ခြင်း)

Show More

Related Articles

Back to top button