သတင်း

အာဏာသိမ်းမှု ၃ ရက်မြောက်နေ့အထိ ကချင်ဝန်ကြီး တချို့ မလွတ်သေး

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီး (၃)ဦးနှင့် ပါတီမှ (၃) ဦးသည် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ လွှတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

ဖေဖော်ဝါရီ(၁)ရက်နေ့ စစ်အာဏာသိမ်းချိန် ထိန်းသိမ်းခံထားရသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် ဥက္ကဌ ၊ မြို့နယ် ဥက္ကဌများ ထိန်းသိမ်းခံရပြီးနောက် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့၊လွှတ်တော်ကိုယ်စားလှယ်အချို့ လွှတ်မြောက်လာခဲ့သည်။

သို့သော် ယနေ့ မွန်းလွဲပိုင်းအထိ ဝန်ကြီးများဖြစ်သော ဦးနော်လီ (စည်ပင်)၊ ဦးနေဝင်း (လူမှုရေး) ၊ ဦးဇော်ဝင်း (လဝက) တို့ ၃ ဦးအပြင် အခြား ပါတီတာဝန်ရှိသူ ၃ ဦး တို့လွတ်မြောက်ခြင်းမရှိသေးကြောင်း NLD ပြည်နယ်ဗဟိုအလုပ်မှုဆောင် ဦးစိုင်းကျော်သူစိုးက ပြောသည်။

“ဝန်ကြီးတွေကိုတော့ ဆက်သွယ်လို့မရတော့ဘူး သူတို့အရင်ကကိုင်တဲ့ဖုန်းနံပါတ်တွေလည်း မကိုင်ကြတော့ဘူးဆိုတော့ မိသားစုတွေဆီကတစ်ဆင့် ဆက်သွယ်ရရှိတာပါ။ ခုကြားရတဲ့ သတင်းအရ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊လူမူရေးဝန်ကြီး ဦးနေဝင်း၊လူဝင်မူကီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်း၊ပြည်နယ်ပါတီအဖွဲ့ချုပ်ဥက္ကဌ ဦးမြသိန်း၊ ဖားကန် ပြည်နယ်လွှွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး ပြီးတော့ အရင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရွှေကူက ဦးဇာနည်မင်း ဝန်ကြီး(၃)ပါးနှင့် ပါတီက (၃)ယောက်ကျန်နေသေးတယ်လို့ သိရတယ်။ ပြီးတော့ လယ်ဆည်ဝန်ကြီး ဦးကျော်ကျော်ဝင်းလည်း ပြန်မလွှတ်သေးဘူးလို့တော့ ကြားနေရတယ်။ အဆက်အသွယ်မရသေးဘူး ခုချိန်ထိ။” ဟု ပြည်နယ်အလုပ်အမူဆောင် ဦးစိုင်းကျော်သူစိုးကပြောသည်။

ဖေဖော်ဝါရီလ (၁)ရက်နေ့ ထိန်းသိမ်းခံရသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ကိုယ်စားလှယ်များမှာ ၃၀ကျော်ခန့်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင်း မြို့နယ် (၁၈)ခုမှ မြို့နယ်ပါတီဥက္ကဌများ၊လွှတ်တော်ကိုယ်စားလှယ်များလည်း ပြန်လည်လွှတ်မြောက်လာပြီဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

သတင်းများအရ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည်လည်း အကျယ်ချုပ်ခံထားရသေးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာပါတီမှ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရာတွင် ဝန်ကြီးချုပ်အား ဆက်သွယ်မရသေးကြောင်း သိရသည်။

“အရင်ရှိတဲ့ ဖုန်းနံပါတ်ကပေးမကိုင်တော့ ကျနော်တို့လည်း ခုချိန်ထိ ဆက်သွယ်လို့မရပါဘူး ဒါပေမယ့် ဝန်ကြီးအိမ်မှာဘဲ ရှိနေတယ်လို့တော့ ကြားတယ်။” ဟု စိုင်းကျော်သူစိုး ကပြောသည်။

Show More

Related Articles

Back to top button