သတင်း

ကချင်တော်လှန်ရေးနေ့ KIO ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် မြန်မာစစ်တပ်အာဏာသိမ်းဆည်းမှုနှင့်ပတ်သက်သောအကြောင်းအရာမပါ

(၆၀) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းတွင် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုအကြောင်းတစ်စုံတစ်ရာ ဖော်ပြခြင်းမရှိသည့်အပြင် KIO အစိုးရဖွဲ့စည်းပုံနှင့် ဌာနဆိုင်ရာများအကြောင်းအရာကိုသာ ပိုမိုဖော်ပြခဲ့သည်။

ပြည်ထောင်စုဖွဲ့ပြီး လွတ်လပ်ရေးရယူခဲ့သော်လည်း နှောင်းပိုင်းတွင် အစိုးရဘက်က ပြည်ထောင်စုစနစ်ကို မကျင့်သုံးဘဲ လူမျိုးကြီးဝါဒဖြင့် ဖိနှိပ်လာသောကြောင့် ၁၉၆၁ ခုနှစ်တွင် ကချင်လူမျိုးအတွက် စတင်တော်လှန်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစချီဖော်ပြထားသည်။

နိုင်ငံတစ်နိုင်ငံတွင်ရှိသင့်သော အရေးပါသော ဌာနများကို တော်လှန်ရေးကာလဖြစ်သော်လည်း ဖွဲ့စည်းကာ ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

အဆိုပါ ဌာနများမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ နိုင်ငံခြားဆက်ဆံရေး၊ တရားဥပဒေရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေး၊ ရိုးရာယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန နှင့် သတင်းပြန်ကြားရေးဌာန စသည်တို့ဖြစ်သည်။

ပြန်ကြားရေး၊ သဘာပတ်ဝန်းကျင်နှင့် ရိုးရာယဉ်ကျေးမှု ဌာနတို့မှလွဲပြီး ကျန်သည့်ဌာနအများစုမှာ ၁၉၉၄ ခုနှစ် KIO နှင့် စစ်အစိုးရတို့ အပစ်ရပ်လက်မှတ်မထိုးခင် ဖွဲ့စည်းထားသော ဌာနများဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။

စစ်ပြေးဒုက္ခသည်များနေရပ်ပြန်ရေးအစီစဉ်မှာ စစ်ရှောင်ပြည်သူများ၏ ဆုံးဖြတ်ရွေးချယ်မှုအတိုင်းသာ KIO က အဓိကထားကြောင်း ဖော်ပြထားသည်။ သို့သော်လည်း နေရပ်ပြန်ရာတွင် ကိုယ့်အစီစဉ်ဖြင့် ကစဉ့်ကလျားပြန်ခြင်းမဟုတ်ပဲ ဦးဆောင်အဖွဲ့အစည်းများ၏ အစီစဉ်အတိုင်းဖြစ်သင့်သည်ဟု ရေးသားထားသည်။

ထို့ကြောင့် KIO အနေဖြင့် တပ်မတော်ဖြင့် အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိအောင် နည်းလမ်းရှာဖွေနေကြောင်း မိန့်ခွန်းတွင် ရေးသားထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်ခဲ့ရသော်လည်း ယခုနှစ်တွင် ပြန်လည် ပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သော တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ရက္ခိုင်တပ်တော် AA နှင့် ကိုးကန့်တပ် MNDAA တို့ကလည်း (၆၀) နှစ်ပြည့် ကချင်တော်လှန်ရေးအခမ်းအနားကို ဂုဏ်ပြု သဝဏ်လွှာပေးပို့ကြောင်း သိရသည်။

ရက္ခိုင်တပ်တော် AA နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကို KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် အသစ်တဖန်သန္ဓေတည်မွေးဖွားပေးလိုက်သည့်အပြင် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများကြောင့် တအောင်းနှင့် ရခိုင်လူမျိုးအတွက် ကျေးဇူးဂုဏ်ဒြပ်များဖြင့် ပြည့်နှက်နေကြောင်း ဖော်ပြထားသည်ဟု သိရသည်။

နှစ်စဉ် ကချင်တော်လှန်ရေးနေ့အခမ်းအနားကို KIO လိုင်ဇာဗဟိုဌာနချုပ်တွင် ပြုလုပ်သလို မြို့ပေါ်တွင် ကချင်အရပ်ဖက်အဖွဲ့အစည်းများက တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်မှုများ ရှိခဲ့သည်။

သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က နိုင်ငံတော် အာဏာသိမ်းလိုက်သောကြောင့် မြို့ပေါ်နေရာများတွင် ကြီးမားသော အခမ်းအနားပြုလုပ်မှုများ မရှိသည်ကို သိရသည်။

Show More

Related Articles

Back to top button