ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူလူထုကို ထိခိုက်စေလျှင် KIO က ပါဝင်ပတ်သက်လာမည်ဟုပြော

စစ်အစိုးရမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်သော ကချင်ပြည်နယ်လူထုကို သေကြေထိခိုက်အောင်ပြုလုပ်လာမည်ဆိုပါက ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့်လည်း လူထုဘက်မှ ပါဝင်လာမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းသည့်ကိစ္စကို KIO အနေဖြင့် တစ်စုံတစ်ရာပြောဆိုမည်မဟုတ်သော်လည်း ဆန္ဒဖော်ထုတ်သော ပြည်သူလူထုများကို ထိခိုက်သေဆုံးအောင်ပြုလုပ်မည်ဆိုပါက လူထုဘက်မှ ပါဝင်လာမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းက ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ခေါ်ယူကာ ပြောဆိုခဲ့ကြောင်း သိရသည်။

“လူ ၅ ယောက်ထက် ပိုမစရဆိုပြီးအမိန့်ထုတ်ပြန်တော့ လူထုကလည်း စိတ်ပြင်းပြမှုရှိနေတဲ့အခါ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကလည်း တားဆီးမှုတွေလုပ်ရင် ထိပ်တိုက်တွေ့ပြီး အသေအကြေပျက်စီးမှုတွေရှိလာမှာကို KIO က စိုးရိမ်တဲ့အကြောင်း လူထုကိုလည်းပြောပေးပါ။ စစ်တပ်ကိုလည်း ပြောပေးပါဆိုပြီး ကျနော်တို့က ခေါ်လို့ ကျနော်တို့လည်း မနေ့က သွားတွေ့လိုက်တယ်။” ဟု PCG မှ ဦးလမိုင် ဂွမ်ဂျာက ပြောသည်။

KIO ကပြောဆိုလိုက်သောအဆိုပါသတင်းကို စစ်တပ်နှင့် ဆန္ဒပြခေါင်းဆောင်များကိုလည်း ပြောဆိုထားပြီဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG သည် ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIO တို့ကြား ကြားဝင်ညှိနှိုင်းပေးနေသော အဖွဲ့ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်အတာဖြင့် မြို့နယ်အလိုက် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ၅ ဦးထက်ပိုမစုရ၊ ည ၈ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရ စသဖြင့် စစ်အစိုးရက ဖေဖော်ဝါရီ ၈ ရက်ညက အမိန့်ကြေညာခဲ့သည်။

သို့သော်လည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုများမှာ ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

မြစ်ကြီးနားမြို့အပါအဝင် ကချင်တပြည်နယ်လုံးတွင် ပြုလုပ်သော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒဖော်ထုတ်မှု တတိယနေ့တွင် ပညာရေးဝန်ထမ်းများ၊ သစ်တောဌာန၊ စည်ပင်ဌာန၊ အုပ်ချုပ်ရေးဌာနအပြင် အခြားဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပူးပေါင်းပါဝင်လာသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button