သတင်း

CDM လှုပ်ရှားသေား ပူတာအိုမှ ဝန်ထမ်းများကို ဆက်လက်ဖမ်းဆီးနေ

ကချင်ပြည်နယ်၊ ပူတာမြို့တွင် စစ်အာဏာရှင်စနစ်မလိုလားကြောင်း ဆန္ဒပြဖော်ထုတ်သော ဝန်ထမ်များကို ဖမ်းဆီးမှုများလုပ်လာသောကြောင့် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ဖေဖော်ဝါရီလ ၆ရက်မှ ၇ရက်အထိ ပူတာအို CDM လှုပ်ရှားမှုများတွင် အစိုးရဝန်ထမ်း အများအပြားပါဝင်လာခဲ့သော်လည်း အဆိုပါဝန်ထမ်းများကို အမည်စာရင်းကောက်ကာ ဆန္ဒပြပွဲတွင်မပါဝင်ရန် ဝန်ခံကတိထိုးခိုင်းသည့် လုပ်ရပ်ရှိနေသောကြောင့် CDM တွင်ပါဝင်သည့်ဝန်ထမ်း ဦးရေ လျော့နည်းလာကြောင်း သိရသည်။

“ဆန္ဒပြပွဲစလုပ်တုန်းက ၂ရက်လောက်အထိက ဌာနဆိုင်ရာအစိုးရဝန်ထမ်းတွေ အများကြီးပါဝင်လာတယ်။ ပူတာအိုမြို့ရဲ့ မြို့နယ် ဦးစီးမှူးကိုယ်တိုင်က ဝန်ထမ်းတွေကို CDM မှာပါဝင်ဖို့ခွင့်ပြုထားတယ်။ ဒါပေမယ့် ခရိုင်ဦးစီးမှူးက မလုပ်ခိုင်းဘူး။ အဲ့ကြောင့် ဆန္ဒပြပွဲ ၃ရက်နေ့မြောက် CDM ပါဝင်တဲ့ ဝန်ထမ်းတွေကို အမည်စာရင်းကောက်ပြီး စစ်တပ်နဲ့ပေါင်းပြီး ဖမ်းဆီးတာတွေလုပ်တယ်။ အတင်းဖမ်းဆီးပြီးမှ CDM ဆက်လက်မလုပ်ဖို့ ဝန်ခံကတိတွေ ထိုးခိုင်း နေတယ်။ အဲ့ကြောင့် အစိုးရဝန်ထမ်းတွေက ဒေသခံတွေဦးဆောင်တဲ့ ဆန္ဒပြပွဲမှာမပါဝင်ကြတော့ဘူး”ဟု ဆိုသည်။

လက်ရှိတွင် ဒေသခံပြည်သူများဦးဆောင်သည့် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သော ဝန်ထမ်း ၁၅ ဦးခန့်ကို အာဏသိမ်းစစ်ကောင်စီဘက်က ရှာဖွေနေသောကြောင့် ထွက်ပြေးနေရကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် သစ်တော၊ ကျန်းမာရေး၊ ပညာရေးနှင့် ဆောက်လုပ်ရေးအဖွဲ့ စသည့်ဌာနဆိုင်ရာအသီးသီးက CDM အဖြစ်ပါဝင်ခဲ့သော်လည်း လက်ရှိတွင် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေသဖြင့် CDM လှုပ်ရှားမှု မပြုလုပ်ကြကြောင်း သိရသည်။

ပူတာအိုမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖေဖဝါရီလ ၅ရက်နေ့မှ စတင်ဆန္ဒဖော်ထုတ်ခဲ့သည်မှာ ယခုချိန်ထိ ၁၀ကျော်ရှိနေပြီဖြစ်ပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆန္ဒထုတ်ဖော်မှုကို ရပ်တန့်သွားမည်မဟုတ်ဘဲ ငြိမ်းချမ်းစွာဆက်လက်ထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဆန္ဒပြဦးဆောင်သည့် တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

Civil Disobedience Movement CDM တွင်ပါဝင်နေသော ဝန်ထမ်းများကို ဖမ်းဆီးနေသည်မှာ ပူတာအိုမြို့နယ် သာမက တစ်နိုင်ငံလုံးတွင်လည်း ဖြစ်ပွားနေသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button