သတင်း

မြစ်ကြီးနား ဆန္ဒထုတ်ဖော်မှုကို ပစ်ခတ်ဖြိုခွင်းခဲ့သော ဖြစ်စဉ်

မြစ်ကြီးနား မန်ခရိန်ရပ်ကွက် (စက်မှုဇုံ) ပင်မလျှပ်စစ်ဌာနရုံးရှေ့ ဆန္ဒဖော်သော လူထုကို ရဲတပ်ဖွဲ့နှင့် စစ်သားများက ပစ်ခတ်ကာ ဖြိုခွင်းခဲ့သည်။

ဖြိုခွင်းခဲ့သောအချိန်မှာ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင်ဖြစ်ပြီး၊ ကျည်ဆံအစစ်ထိ သုံးစွဲထားသည်ကို ထိုနေရာတွင် တိုက်ရိုက်တင်ဆက်နေသော မှတ်တမ်းများအရ သိရသည်။

ပစ်ခတ်ခဲ့သောကျည်ခွံများ

မြစ်ကြီးနားမြို့ရှိ လျှပ်စစ်ရုံးများတွင် စစ်သားများဝိုင်းရံထားသည်ဟူသောစကားကြောင့် ဖေဖော်ဝါရီလ ၁၃ ရက်ညကတည်းကပင် ရန်ကြီးအောင် မီးစက်ဝင်းနှင့် မန်ခရိန် (စက်မှု) ဒဘတ်ပင်မ လျှပ်စစ်ရုံးတွင်လည်း လူထုအင်အားဖြင့် သံပုံးတီးကာ ဆန္ဒဖော်ထုတ်မှုများရှိခဲ့သော်လည်း ရဲတပ်ဖွဲ့ဘက်မှ ‘ မီးမဖြတ်ဘူး’ ဆိုသည့် ကတိပေးသောကြောင့် စနေ့နေ့ညတွင် လူစုခွဲခဲ့သည်။

ရန်ကြီးအောင် မီးစက်ဝင်းရှိ ဝန်ထမ်းများသည် CDM လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် စစ်သားများက လာရောက်ဖမ်းဆီးနေကြောင်းသတင်းများ အင်တာနက် စာမျက်နှာတွင် ထွက်ပေါ်ခဲ့သောကြောင့် လူထုဝန်းရံမှုများ ပိုမိုများလာခဲ့သည်။

သို့သော် မန်ခရိန်(စက်မှုဇုံ) ရှိ ဓါတ်အားလိုင်းစက်ရုံတွင် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်သားများ နေရာယူထားပြီး အဆိုပါညက ထူးခြားမှု တစ်စုံတစ်ရာမရှိသော်လည်း လူထုဆန္ဒပြမှုပေါ်ပေါက်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်တွင် ဝိုင်းမော်မြို့နယ် မိုင်းနား လျှပ်စစ်ရုံးတွင် စစ်သားများက ဝင်ရောက်နေရာယူထားသည်ဟူသော သတင်းကြောင့် ထပ်မံပြီး လူထုထောင်ဂဏန်းက ထိုနေရာသို့ သွားရောက်ဝန်းရံခဲ့သည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဖြစ်စဉ်တစ်လျှောက်လုံးတွင် ပါဝင်ညှိနှိုင်းခဲ့ပြီး၊ မိုင်းနား လျှပ်စစ်ရုံးမှ စစ်သားများကလည်း နေ့လည် ၁ နာရီအချိန်ခန့်တွင် ထိုနေရာမှ ပြန်လည်ထွက်သွားသည်ကို KNG က တိုက်ရိုက်ထုတ်လွင့်ခဲ့သည်။

မိုင်းနား လျှပ်စစ်ရုံးမှ စစ်သားမှ ထွက်ခွာလာစဉ်

မိုင်းနားဖြစ်စဉ်ပြီးနောက် တဆက်တည်း မန်ခရိန် (စက်မှုဇုံ) ရုံးတွင်ရှိနေသော စစ်သားများကို ထွက်ခွာရေးအတွက် လူထုအင်အားဖြင့် ပြန်လည်တောင်းဆိုခဲ့ကြသည်။

အဆိုပါဖြစ်စဉ်တွင် ဆန္ဒပြလူအုပ်သည် လမ်းမကြီးပေါ်တွင် ထရပ်ကားဖြင့် ကန့်လန့်မောင်းကာ ပိတ်ဆို့ခြင်း၊ သံပုံးတီးရန် ဘေပါပုံးများ လမ်းပေါ်တွင် ချထားခြင်း နှင့် သံတုတ်များကိုင်ဆောင်ခြင်းအပြင်၊ အကျီချွတ်ပြီး အော်ဟစ်ခြင်း များပြုလုပ်နေခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် ဆန္ဒပြလူအုပ်တွင်ပါဝင်သော လူတချို့တွင် အရက်ကဲ့သို့သော် အနှံများထွက်နေသည်ကိုပင် သတိထားခဲ့မိသည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာနှင့်အဖွဲ့က ထပ်မံရောက်ရှိလာပြီး ဆန္ဒပြခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆန္ဒပြပြည်သူများ၏ တောင်ဆိုမှုမှာ လျှပ်စစ်ရုံးတွင်ရှိနေသော စစ်သားများထွက်ခွာသွားရေးဖြစ်သည်။

PCG ဘက်မှ ဆန္ဒပြ ပြည်သူများထံ ပြန်လည်ပြောဆိုခဲ့သောအချက်များမှာ လျှပ်စစ်မီးဖြတ်မည်မဟုတ်ကြောင်း၊ ရဲတပ်ဖွဲ့များဆုတ်ခွာသွားပြီဖြစ်သောကြောင့် ဆန္ဒပြည်သူများအနေဖြင့်လည်း လူစုခွဲရန် ပြောဆိုခဲ့သည်။

“သွားလာတဲ့ လမ်းပေါ်မှာ ကားတွေနဲ့ ပိတ်ဆို့ပြီးမှ အဲလိုဖြစ်လာတဲ့အပေါ် နည်းနည်းလေး အကြမ်းဖက်တဲ့ ပုံစံလေးပေါ်လာတော့ လူစုခွဲပြီး ထိန်းသိမ်းရမယ်ဆိုတဲ့အပိုင်းတွေ ကြားရတယ်။ နောက်ပိုင်းဘယ်လိုဖြစ်လာမယ်ဆိုတာ မပြောနိုင်သေးဘူး။” ဟု ပစ်ခတ်မှု မဖြစ်ခင် ည ၈ နာရီအချိန်တွင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ထို့နောက်မကြာခင်မှာဘဲ ပစ်ခတ်မှုဖြစ်ပြီး လူစုဖြိုခွဲခဲ့သည်။

ပစ်ခတ်ရာတွင် တိုက်ခိုက်သတင်းထုတ်လွင့်နေသော မြစ်ကြီးနားအခြေစိုက် The 74 Media မှ သတင်းထောက် ၂ ဦး၊ Mizzima သတင်းထောက် ၁ ဦးနှင့် EPN မှ ၂ ဦးအပြင် အခြား ပြည်သူ၂ ဦးလည်းလည်း ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့သည် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသော သတင်းထောက်များ

ပြီးခဲ့သည့် စနေနေ့ညနှင့် တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သောအဖြစ်အပျက်တွင် လူထု၏ စိုးရိမ်မှုမှာ လျှပ်စစ်ရုံးတွင် စစ်သားများရှိနေသောကြောင့် မီးဖြတ်ပေးမည်ကို စိုးရိမ်ခြင်းသည် ပထမဖြစ်ပြီး၊ စစ်သားများ ထိုနေရာမှ အမြန်ထွက်ခွာသွားရန် သံပုံးတီး တောင်းဆိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဆန္ဒဖော်ထုတ်မှုများသည် မြစ်ကြီးနားမြို့တွင် နေ့စဉ် ပြုလုပ်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button