သတင်း

မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲ ဖြိုခွဲခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်မလိုလားကြောင်း ဆန္ဒဖော်ထုတ်သည့် သပိတ်စစ်ကြောင်းများ ယနေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့ မနက်ပိုင်း ၁၁နာရီခန့်အချိန်တွင် ရဲနှင့် စစ်တပ်က အင်အားသုံးကာ လမ်းကြောင်းပိတ်ဆို့ပြီး ဖြိုခွဲခဲ့သည်။

ကချင်လူမှုအဖွဲ့အစည်းများ ဦးဆောင်သော သပိတ်လမ်းကြောင်းကို စီတာပူရပ်ကွက်က စတင်ချီတက်လာခဲ့ပြီးနောက် မြို့လယ် မြန်မာ့စီးပွားရေးဘဏ်ရှေ့ရောက်လာခဲ့စဉ် စစ်ကား ၁၀ စီးနှင့် ရဲအင်အား၅၀ ခန့်နှင့်အတူ ရေပစ်ကားများဖြင့် လမ်းပိတ်ဆို့တားဆီးခဲ့သည်။

မြစ်ကြီးနားရှိ လူထု၏ ၁၁ ရက်မြောက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဆန္ဒဖော်ထုတ်သူများကို ပုဒ်မ ၁၄၄ အရ လူစုခွဲခိုင်းခဲ့သောကြောင့် ပြည်သူများသည် ၎င်းနေရာမှပြန်လှည့်ခဲ့ရာ ရဲနှင့်စစ်သားများကလည်း တဖြည်းဖြည်းကပ်လျှက်လိုပါလာပြီး နောက်ဆုတ်သွားသော လူထုကို လေးခွများဖြင့်လိုက်လံ ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှုတွင် အရပ်သားပြည်သူတစ်ချို့နှင့် သတင်းမီဒီယာသမားတချို့လည်း ထိခိုက်မှုရှိခဲ့ပြီး ဆန္ဒဖော်ထုတ်သူများအသုံးပြုသော ထော်လာဂျီတစ်စီးနှင့် ယဉ်မောင်းတို့ကိုလည်း ဖမ်းစီးထားကြောင်းသိရသည်။

ထို့အပြင် ဆန္ဒဖော်ထုတ်ရာတွင်မပါဝင်သော လမ်းဘေးကွမ်းယာသည်တစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။ ရှမ်းစုတောင်ရပ်ကွက်မှ မန္တလေးကျောင်းတိုက်ဆရာတော်လည်း ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

“တကယ်တမ်းပြည်သူလူထုတွေက အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတာဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်မှာ စစ်တပ်နဲ့ရဲတွေက အကြမ်းဖက်ဖြိုခွဲမှုတွေလုပ်လာတယ်။ ပြောရမယ်ဆိုရင် အခုတက်လာတဲ့သူတွေကိုယ်တိုင် ဒီမိုကရက်စီကို လိုလားတယ်လို့ပြောတယ်။ ဒါပေမယ့်အရိပ်အရောင်မတွေ့ ရဘူး။ ဒါကပြည်သူလူထုရဲ့ သဘောဆန္ဒကို လုံးဝဆန့်ကျင်တယ်လို့ သက်ရောက်တယ်။ ပြောရမယ်ဆိုရင် ဒီမိုကရက်စီကို ငြင်းဆန်နေတယ်လို့ဘဲသုံးသပ်တယ်” ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်းရှိ ပင်မသပိတ်စစ်ကြောင်းနှင့် ဝန်ထမ်းများပါဝင်သော သပိတ်စစ်ကြောင်းအပြင် အထက(၁)ကျောင်းရှေ့တွင် ထိုင်သပိတ်ပြုလုပ်သည့် အဖွဲ့များပင် ရုတ်သိမ်းကာ နောက်ဆုတ်သွားသည်။

မြစ်ကြီးနားမြို့တွင် ဆန္ဒပြ ပြည်သူလူထုများကို ရဲနှင့်စစ်တပ်က ပိုမိုတင်းကြပ်လာနေပြီး ယနေ့ဆိုလျှင် မြစ်ကြီးနားမြို့ပေါ်တွင် ဂျက်လေယာဉ်များ ပျံသန်းမှုများလည်း ရှိခဲ့သည်။

ယနေ့ စစ်တပ် မှ ဖမ်းဆီးထားသည့် ကားသမားနှင့်ဆန္ဒပြပွဲတွင်ပါဝင်သည့် အရပ်သားတစ်ချို့ကို ပြန်လွှတ်ပေးရန်အတွက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG) က ညိနှိုင်းနေကြောင်း သိရသည်။

Show More

Related Articles

Back to top button