သတင်း

February 19 ရက်နေ့ တစ်ရက်တာ မှတ်တမ်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မြစ်ကြီးနား လူထုဆန္ဒဖော်ထုတ်မှုများသည် ၁၀ ရက်မြောက်နေ့ထိ ငြိမ်းချမ်းစွာပြီးစီးခဲ့သော်လည်း ၁၁ ရက်နေ့မြောက်နေ့မှစတင်ကာ တင်းကြပ်ခံရပြီးနောက် ၁၂ ရက်မြောက်နေ့ဖြစ်သော ယနေ့ဖေဖောဝါရီလ ၁၉ ရက်နေ့တွင် ဆန္ဒဖော်ထုတ်သူများ လူမစုနိုင်သည့်အခြေအနေထိပင် ရောက်ခဲ့သည်။

ပညာရေးဝန်ထမ်းဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့က ရိုက်နက်ကာ ဖမ်းဆီးခေါ်ဆောင်သွား

နံနက် ၉ နာရီ ပထမဆုံး စတင်ကြားရသည့်သတင်းမှာ မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့တွင် CDM လုပ်နေသော ဝန်ထမ်း ဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့က ရိုက်နက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသောသတင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုကို ခံခဲ့ရသော ဆရာမတစ်ဦးက ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။

“အစ်မတို့ ၈ နာရီခွဲပြီး ၅ မိနစ်မှာ စုရပ်ကိုရောက်တယ်။ လေ့ကျင်ရေးကျောင်းရှေ့ပေါ့။ ဆရာမတွေ ဆိုင်ကယ်ထားနေတဲ့အချိန် အစီး ၂၀ လောက်ဘဲ ရှိသေးတယ်။ ၄၅ မိနစ်လောက်မှာ ရဲကားတွေ ဖြည်းဖြည်းလေးမောင်းဝင်လာတယ်။ ရေ့ဆုံးက နည်းနည်းဝဝ ရဲတစ်ယောက်က မိုက်ကိုင်ပြီး ဆင်းလာတယ်။ ဒါပေမယ့် နောက်ဆုံးက ရဲတစ်ယောက်က အရမ်းရိုက်ချင်တဲ့ဇောနဲ့ ကျမတို့ဆီပြေးလာတော့ အစ်မတို့ကလည်း ပြေးသွားတယ်။ အဲမှာ ဆရာမ ၂ ယောက်ကျန်ခဲ့တယ်။ သူတို့ ၂ ယောက်လည်းပြေးပေမယ့် တစ်ယောက်ကိုတော့ အစ်မရှေ့မှာတင် ဖမ်းမိသွားတယ်။ အဲဒီဆရာမကိုသူတို့က ဒူးထောက်ထားခိုင်းပြီး ခြေထောက်မှာ ရိုက်နေတယ်။” ဟု ယနေ့ ပညာရေးကောလိပ်ရှေ့မှ အဖြစ်အပျက်ကို ထိုနေရာရောက်ရှိခဲ့သည့် ဆရာမ တစ်ဦးက ပြောပြသည်။

ယနေ့ မနက်ဖြစ်စဉ်တွင် ဆရာမ ၂ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ဆန္ဒပြ စာရွက်ကိုင်ထားသူမှန်သမျှကို ဖမ်းဆီး၊ ဓါတ်ပုံရိုက်သူများကို လေးဂွဖြင့် ပစ်
မြစ်ကြီးနားလူထုဆန္ဒဖော်ထုတ်သူများသည် ပုံမှန်အားဖြင့် စီတာပူရပ်ကွက် နောင်ရာပါ ကွင်းပြင်တွင် လူစုခဲ့ကြသော်လည်း ယနေ့မနက်တွင်မူ ထိုနေရာများတွင် စစ်တပ်အင်အားဖြင့် ပိတ်ထားခဲ့သည်။

ထို့နောက် ဆန္ဒဖော်ထုတ်သူအချို့က မြစ်ကြီးနားမြို့ ဈေး ၁ အနီးမှ ချီတက်လာရာ ရဲတပ်ဖွဲ့က ပိတ်ဆို့လိုက်ပြီးနောက် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်နိုင်သော စာရွက်ကိုင်ထားသူမှန်သမျှကို ရဲတပ်ဖွဲ့က ဖမ်းဆီးနေကာ၊ အဝေးမှ ဓါတ်ပုံရိုက်သူများကိုလည်း လေးဂွဖြင့် ပစ်နေကြောင်း သိရသည်။
ဖြစ်စဉ်တွင် မိန်းကလေး ၉ ဦးနှင့် ယောကျာ်လေး ၁ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထိုနေရာတွင် ဈေးရောင်းနေသော မျက်မြင်သက်သေများက ဆိုသည်။

လမ်းလျှောက် ဆန္ဒဖော်ထုတ်သူများ ဖြိုခွင်းခံရသော်လည်း ဆိုင်ကယ်ဖြင့် လှည့်ပတ်ဆန္ဒဖော်ထုတ်သူများမှာ နေ့လည်အချိန်ထိ ဆက်လက်သွားလာနေဆဲဖြစ်သည်ဟု သိရသည်။

တိုက်ရိုက်ထုတ်လွင့်နေသော သတင်းမီဒီယာများ၏ ဖုန်း လုယက်မှုဖြစ်

လူထုဆန္ဒဖော်ထုတ်သူများကို တိုက်ရိုက်တင်ဆက် (LIVE) နေသော  သတင်းမီဒီယာသမားများ၏ ဖုန်းကို ဆိုင်ကယ်ဖြင့် လူ ၂ ဦးက လိုက်လုနေသည်ကို တွေ့ရသည်။

မြစ်ကြီးနားအခြေစိုက် The 74 Media ၏ တိုက်ရိုက်တင်ဆက်နေသော ဖုန်းကို နယ်ထိန်းဆိုသူက လိုက်လုခဲ့သည်။ သို့သော်လည်း အလုမခံရပဲ ကာကွယ်နိုင်ခဲ့သည်ဟု သိရသည်။

Video Credit –  The 74 Media (ဗီဒီယိုကြည့်ရန်)

ဖမ်းဆီးခံရသူများ ညနေ ၄ နာရီတွင် ပြန်လည်လွှတ်မြောက်လာ

ရိုက်နက် ဖမ်းဆီးခံရသော ဆရာမ ၂ ဦးအပါအဝင် နေ့လည်ခင်းအချိန်က ဖမ်းဆီးခံရသူ စုစုပေါင်း ၁၃ ဦးတို့သည် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ညှိနှိုင်းပေးမှုကြောင့် ညနေ ၄ နာရီအချိန်တွင် ပြန်လည်လွှတ်မြောက်လာခဲ့သည်။

ဆရာမ ၂ ဦးအနက် ၁ ဦးမှာ ရိုက်နက်ဒဏ်ရာကြောင့် လက်တစ်ဖက် ထိခိုက်ခံထားရကြောင်း သိရသည်။

Show More

Related Articles

Back to top button