သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်လုံးကျွတ် လူထုဆန္ဒဖော်ထုတ်မှု

စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြည်လုံးကျွတ် လူထုဆန္ဒဖော်ထုတ်ပွဲ ( ၂၂၂၂၂) အရေးတော်ပုံနေ့တွင် ကချင်ပြည်နယ်ရှိ မြို့နယ်အနှံတွင်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသည်။

ပူတာအိုမြို့

စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ပြည်လုံးကျွတ်သပိတ်နေ့တွင် ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပူတာအိုမြို့တွင် လူဦးရေ ၂သောင်းဝန်းကျင်ခန့် ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

ယင်းသပိတ်စစ်ကြောင်းတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖမ်းဆီးခံထားရသည့် လူငယ်(၅)ဦးအား ချက်ချင်းလွှတ်ပေးရန် တောင်းဆိုမူများလည်း ထည့်သွင်းတောင်းဆိုကြသည့်အပြင် မြို့မရဲစခန်းတွင်လည်း သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သပိတ်စစ်ကြောင်းအား နံနက် ၈နာရီခန့်မှစတင်ကာ ဆန္ဒပြလှည့်လည်ခဲ့ကြပြီး နေ့လည် ၁၂ခွဲချိန်ခန့်တွင် သပိတ်စစ်ကြောင်းအား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

ပူတာအိုမြို့တွင်းရှိ ဈေးဆိုင်၊ဆီဆိုင်များ အစရှိသည့်စားသောက်ကုန်ရောင်းသည့် ဆိုင်များလည်း ဖွင့်လှစ်ရောင်းချခြင်းမျိုး မရှိကြောင်း ဒေသခံများက ပြောသည်။

ဝိုင်းမော်မြို့

စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်ပြည်လုံးကျွတ်သပိတ်နေ့ ဝိုင်းမော်မြို့တွင် ယခင်ရက်များထက် လူဦးရေအဆမတန် တိုးလာပြီး ယနေ့သပိတ်စစ်ကြောင်းတွင် ဝင်ရောက်ဆန္ဒထုတ်ဖော်ကြသူ ၁သိန်းဝန်းကျင်ခဲ့ရှိသည်။

ထို့အတူ ဝိုင်းမော်မြို့ပေါ်မှပြည်သူများအပြင် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအချို့မှဝန်ထမ်းများအပြင် ရပ်ကျေး၊ ကျေးရွာများမှ ပြည်သူများလည်း လာရောက်ဆန္ဒထုတ်ဖော်ကြပြီး ယနေ့တစ်မြို့လုံးရှိ ဆီဆိုင်၊ စားသောက်ဆိုင်အစရှိသည့် ဆိုင်များလည်း ပိတ်ထားကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းဆုံမှ ပါဝင်ကြပြီး သပိတ်စစ်ကြောင်းသည် မြို့တွင်းမှ လမ်းမတစ်လျှောက် ဝိုင်းမော် ငြိမ်းချမ်းသာယာအားကစားကွင်းအကျော်တွင် ရဲများမှ တားမြစ်ခဲ့ကြသည့်အတွက် ပြန်လှည့်ကာ ဝိုင်းမော်မြို့ လမ်းမကြီးပေါ်တွင်သာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဖားကန့်မြို့

ဖားကန့်မြို့ သပိတ်စစ်ကြောင်းသည် နံနက် ၉နာရီချိန်ခန့်မှစကာ မှော်အသီးသီးမှ ပြည်သူများ ဖားကန့်မြို့သို့ ချီတက်လာကြပြီး ဖားကန့်မြို့ပေါ်ရှိပြည်သူုများနှင့်အတူ မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအသီးသီးတွင် လှည့်လှည်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ပြည်လုံးကျွတ်သပိတ်စစ်ကြောင်းနေ့တွင် ဖားကန့်မြို့နယ်တွင် လူဦးရေ ၂သိန်းဝန်းကျင်ခန့် ပါဝင်ခဲ့ကြပြီး ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများလည်း ဝင်ရောက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ယနေ့ ဖားကန့်သပိတ်စစ်ကြောင်းတွင် ဝင်ရောက်တာဆီးမူများမရှိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြရပြီး နေ့လည် ၁နာရီချိန်တွင် ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

ချီဖွေမြို့

ပြည်လုံးကျွတ်သပိတ်နေ့ ချီဖွေမြို့တွင် စစ်ရှောင်ပြည်သူများနှင့် ချီဖွေဒေသခံပြည်သူများ လူဦးရေ ၁ထောင်ဝန်းကျင်ခန့် ဝင်ရောက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

သပိတ်စစ်ကြောင်းအား နံနက် ၇နာရီမှစတင်ကာ မြို့တွင်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြို့တွင်းတွင် ထိုင်သပိတ်ဖြင့်လည်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ချီဖွေသပိတ်စစ်ကြောင်းသည် ယခင်ရက်များထက် လူဦးရေပိုများလာသည့်အခြေနေရှိပြီး ဌာနဆိုင်ရာမှ ဝန်ထမ်းအချို့လည်း ပါဝင်ကာ သပိတ်စစ်ကြောင်းအား နံနက် (၁၀)နာရီတွင် ရုတ်သိမ်းခဲ့ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နိုင်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

မြစ်ကြီးနား

စစ်အာဏာရှင်ဆန့်ကျင်ရေး မြစ်ကြီးနားမြို့ ပြည်လုံးကျွတ်သပိတ်သည် ယခင်ရက်များထက် စံချိန်တင် လူဦးရေ ၄သိန်းဝန်းကျင်ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နံနက် ၈နာရီ သပိတ်စစ်ကြောင်း မစတင်မီ အသင်းတော်ပေါင်းစုံ၊ ဘာသာပေါင်းစုံမှ မနောကွင်းနောက်ဘက်ရှိ လယ်ကွင်းပြင်တွင် ငြိမ်းချမ်းရေးဝတ်ပြုဆုတောင်းခြင်း အစီအစဉ်ပြုလုပ်ခဲ့ကြပြီးနောက် မြို့တွင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အတူ မြစ်ကြီးနားဈေးအဖွဲ့သည်လည်း နံနက် ၉နာရီခန့်မှစကာ မြို့တွင်းရှိ ဈေး(၁)၊ဈေး(၂) တာရိုးကုန်းတစ်လျှောက် သပိတ်ကြောင်း ချီတက်လာကြပြီး အ.ထ.က(၁)ကျောင်းနားရှိ ကျောက်စိမ်းတုံးရှိအဝိုင်းပတ် လမ်းဆုံတွင် ဆုံကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့ပြင် ယင်းနေရာ၌ပင် ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နေ့လည် ၁နာရီကျော်အထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယနေ့မြစ်ကြီးနားသပိတ်စစ်ကြောင်းသည် ယခင်ရက်များနှင့်မတူဘဲ ရဲများ၊ စစ်သားများမှ ဖြိုခွင်းခြင်းမရှိခဲ့ပေ။

တစ်မြို့လုံးရှိ ဈေးဆိုင်များ စားသောက်ကုန်ရောင်းချသည့်ဆိုင်များ၊ ဆီဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းမရှိဘဲ မြို့တွင်းဆန္ဒထုတ်ဖော်သည့်နေရာမှလွှဲကာ တစ်မြို့လုံး လူသွားလူလာအလွန်နည်းပါခဲ့သည်။

ဗန်းမော်မြို့

စစ်အာဏာရှင်ကိုဆန့်ကျင်သည့် ပြည်လုံးကျွတ်သပိတ်နေ့ ဗန်းမော်မြို့တွင် ပညာရေးဝန်ထမ်းများပါဝင်သည့်အပြင် ဌာနဆိုင်ရာဝန်ထမ်းအချို့လည်း ပြည်သူလူထုနှင့်အတူ ပါဝင်ကြောင်း သိရသည်။

ဗန်းမော်သပိတ်စစ်ကြောင်းသည် နံနက် (၉)နာရီခန့်မှ စတင်ကာ တစ်မြို့လုံးလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး တားဆီးခြင်း၊ ပိတ်ပင်ခြင်းများ မရှိ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နိုင်ခဲ့ကြပြီး သပိတ်စစ်ကြောင်းအား နေ့လည် ၁နာရီခန့်တွင် သပိတ်စစ်ကြောင်း ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

အခြားမြို့နယ်များ။

ကချင်ပြည်နယ်အတွင်း မိုးညှင်း၊ ဟိုပင်၊ ရွှေကူနှင့် အခြားမြို့နယ်တို့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်သည့် လူထုအင်အား သိန်းချီ သပိတ်မှောက်ခဲ့ကြသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button