သတင်း

ပူတာအိုမှ ဖမ်းဆီးခံ လူငယ် ၅ ဦးကို ပုဒ်မ ၃ ခုဖြင့် အရေးယူထား

စစ်အာဏာသိမ်း ဆန့်ကျင်သည့် သပိတ်တွင် ဦးဆောင်ခဲ့သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ဖမ်းဆီးခံထားရသည့် ပူတာအိုမှလူငယ်(၅)ဦးအား လာမည့် မတ်လ ၅ ရက်နေ့တွင် ပထမဆုံး ရုံးထုတ်မည်ဟု သိရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှပြောသည်။

ဖမ်းဆီးခံရပြီးနောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀နာရီတွင် ရုံးထုတ်မည်ဟုဆိုသော်လည်း ရုံးထုတ်ခဲ့ခြင်းမရှိသည့်အပြင် ယနေ့ချိန်ထိ တစ်စုံတစ်ဦးနဲ့မျှတွေ့ခွင့်မရရှိသေးကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာတွေ့ခွင့်ပေးမယ်ဆိုပြီး ကျနော်တို့စောင့်နေတာပါ။ ဒါပေမယ့် တွေ့ခွင့်မရခဲ့ဘူး။ ယမန်ယူထားတဲ့အကြောင်း ၃လပိုင်း ၅ ရက်နေ့ ရုံးထုတ်မယ်ဆိုတာဘဲသိခဲ့ရတယ်။ ခုအခြေနေအရဆိုရင် ပုဒ်မနဲ့စွဲထားတဲ့သဘောရှိတယ်။ အဲကြောင့် နောက် (၂)ပတ်မှ ရုံးထုတ်မယ်ဆိုတဲ့သဘောဟုတ်တယ်။ ကျနော်တို့ကြားရသလောက်တော့ ၁၄၄ ရယ်၊ ၅၀၅ (က)ရယ်၊၁၇/၁ လို့ကြားရတယ်။” ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

အဆိုပါ လူငယ်(၅)ဦးသည် စစ်အာဏာသိမ်းဆန့်ကျင်သည့် သပိတ်တွင်ပါဝင်ခဲ့သည့်သူများဖြစ်ပြီး စစ်တပ်မှဖမ်းဆီးရန် လုပ်ဆောင်နေသည်ဆိုသည့် သတင်းထွက်ပေါ်လာသည့်အတွက် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည(၉)နာရီခန့်တွင် တောထဲပုန်းခိုနေရာမှ စစ်တပ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ထို့နောက် ပူတာအိုမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် မြို့မရဲစခန်းမှ နမ့်အော့အကျဉ်းဦးစီးထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံထားရသည့် ကိုမလောင်ဖေနှောင်းအောင်၊ ကိုရမ်ဆိုင်း၊ ကိုအောင်ဒီး၊ ကိုဆင်ဝါး၊ ကိုဖီနန်းတို့နှင့်အတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ဖမ်းဆီးခံလိုက်ရသည့် လူငယ်(၄) ဦး စုစုပေါင်း (၉)ဦး ရှိခဲ့သော်လည်း ကျန်(၄)ဦးကိုမူ ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်။

လက်ရှိ ဖမ်းဆီးခံထားရဆဲဖြစ်သည့် လူငယ်(၅)ဦးသည် ဆန္ဒပြဦးဆောင်သူများမဟုတ်သည့်အပြင် ပူတာအိုမြို့တွင်း စစ်အာဏာသိမ်းဆန့်ကျင်သည့် သပိတ်တွင်မိမိဆန္ဒအလျောက် လာရောက်ဆန္ဒထုတ်ဖော်သူများသာဖြစ်ကာ မည်သူူတစ်ဦးတစ်ယောက်မှ ဦးဆောင်ခြင်းမရှိသည့်အပြင် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် ပြည်သူများအား တမင်ဖိနှိပ်နေခြင်းသာဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“တစ်နိုင်ငံလုံးမှာ ဆန္ဒပြနေကြတာဘဲ ဒါပေမယ့် ပူတာအိုမှာ ခုလိုဖမ်းဆီး အရေးယူတယ်ဆိုတာက ကျနော်တို့အမြင်မှာ ပူတာအိုမှာက ဘာမှကို သတင်းမီဒီယာလွှတ်လပ်မူလည်းမရှိတဲ့နေရာ ဒီမိုကရေစီဆိုတာတောင်မှ ခုမှခံစားရပြီး နည်းနည်းပါးပါးပြောခွင့်ရတုန်းဘဲရှိသေးတဲ့နေရာမှာ ခုလိုလုပ်တာက တမင်သက်သက်ကို ပြည်သူကို ဖိနှိပ်နေတာလို့မြင်တယ်။” ဆိုပြီး အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။

ပူတာအိုမြို့တွင် အခြားမြို့များနည်းတူ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစကာ စစ်အာဏာဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့အတူ ဆန္ဒထုတ်ဖော်ရာတွင် အများပြည်သူကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လုပ်ဆောင်ရန် ဆန္ဒပြရာတွင်ပြည်သူများအား ကြပ်မတ်ပေးသည့် လူငယ်များကိုလည်း ယခုကဲ့သို့ ဖမ်းဆီးနေသည့်အပြင် နောက်ထပ်ဖမ်းဆီးရန်အလိုရှိသည့် အမည်စာရင်းများလည်း ထပ်မံထွက်ပေါ်နေသည်။

“လူငယ်တွေကို နောက်ထပ်မလုပ်ရဲအောင် ဒီလိုခြိမ်းခြောက်မူတွေလုပ်နေတာလို့ဘဲမြင်တယ်။ ဒါပေမယ့် လူတွေက ဆန္ဒထုတ်ဖော်တဲ့လူတွေက တစ်ရက်ထက်တစ်ရက်ပိုများလာတယ်။ဒီလိုခြိမ်းခြောက်မူတွေလုပ်တိုင်း ဒီကိစ္စတွေက ပြီးသွားမှာမဟုတ်ဘူး။ ပြီးတော့ ဒီလူငယ်(၅)ဦးမှာလည်း ဘာမှအပြစ်မရှိပါဘူး။ အဲတော့ကျနော်တို့အနေနဲ့လည်း အမြန်ဆုံးလွှတ်မြောက်လာနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်။”ဆိုပြီး ယင်းအမူအား လိုက်ပါဆောင်ရွက်ပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။

ပူတာအိုမှ ဖမ်းဆီးခံထားရသည့် လူငယ်(၅)ဦးအား စွဲဆိုထားသည့်ပုဒ်မများသည် မတရားအသင်းဆက်သွယ်မူပုဒ် ၁၇/၁၊ နိုင်ငံတော်အကြည်အညိုပျက်စေမူပုဒ်မ ၅၀၅၀(ခ)၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ညမထွက်ရအမိန့်နှင့် လူ(၅)ဦးထက်ပိုပြီးမစုရ စသည့် ပုဒ်မများဖြင့် စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၁၄၄ သည် ည ၈နာရီမှ မနက် (၄) အတွင်းနေအိမ်ပြင်ပထွက်ပြီး လမ်းသွားလမ်းလာခြင်းမပြုရ၊ လူ(၅)ဦးထက်ပိုစုခြင်းမပြုရ အမိန့်အဖြစ် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထိုပုဒ်မကို ဖောက်ဖျက်ပါက ထုတ်ပြန်သည့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ တရားရုံးတွင် ဦးတိုက်လျှောက်ထားတရားစွဲဆိုနိုင်သည်။

ဖမ်းဆီးခံထားရသည့် လူငယ်(၅)ဦးအား အမြန်ဆုံးလွှတ်မြောက်နိုင်ရန်အတွက် အာဏာသိမ်းစစ်ကောင်စီ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဦးခက်ထိန်နန် ထံသို့လည်း စာပို့ထားကြောင်း သိရသည်။

Show More

Related Articles

Back to top button