သတင်း

ဖားကန့် CDM တွင်ပါဝင်နေသူများ ဆက်သွယ်လာပါက ကူညီရန်အသင့်ရှိဟုဆို ကူညီရေးအဖွဲ့ပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းရှိ CDM လှုပ်ရှားမှုတွင်ပါဝင်သူများအနေဖြင့် ဆက်သွယ်လာပါက ကူညီရန်အသင့်ရှိနေကြောင်း ဖားကန့် CDM ကူညီရေးအဖွဲ့တစ်ခုထံမှ သိရသည်။

“CDM လုပ်တဲ့ဝန်ထမ်းတွေ တစ်ချို့က မချိတ်ဆက်ရဲဘူး။ ကျနော်တို့အပေါ်မှာ ယုံကြည်တာမယုံကြည်တာလည်း တစ်ပိုင်းရှိနိုင်တယ်။ နောက်တစ်ချက်ကလည်း CDM လုပ်တဲ့သူက သူတို့ရဲ့အချက်လက် သိသွားမှာလည်း စိုးရိမ်တယ်။ နောက်တစ်ခုက ကျနော်တို့ထောက်ပံ့ကူညီရေးအဖွဲ့ထဲမှာလည်း အဲဒီစိုးရိမ်မူကရှိတယ်။ ဒါက ဝန်ထမ်းအစစ်လား သို့မဟုတ် ကျနော်တို့အဖွဲ့ကို ထောက်လှမ်းချင်လို့လားဆိုတဲ့ဟာမျိုး တစ်ဖက်နဲ့တစ်ဖက် မယုံသင်္ကာလေးတွေရှိတဲ့အပိုင်းရှိတဲ့အတွက် ချိတ်ဆက်တဲ့နေရာမှာတော့ ခက်ခဲမူတွေများကြီးရှိနေပါတယ်။” ဟု CDM ကူညီရေးအဖွဲ့တွင် ဦးဆောင်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းဟိန်း က ပြောသည်။

သို့သော် CDM လူပ်ရှားမူတွင် ပါဝင်သည့်ဝန်ထမ်းများအနေဖြင့် ထောက်ပံ့မူလိုအပ်ပါက ဆက်သွယ်လာနိုင်ကြောင်းနှင့် ယင်းကဲ့သို့ဝန်ထမ်းများဘက်မှ ဆက်သွယ်လာမှသာ ကူညီထောက်ပံ့တော့မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ပြီးခဲ့တဲ့ တော်တော်များများမှာတော့ ကျနော်တို့ကနေဆက်သွယ်ပြီးတော့လိုအပ်သလားမေးပြီး ကူညီတာရှိတယ်။ ဒါပေမယ့် ခုနောက်ပိုင်းလာပြီးမှ ဆက်သွယ်မှကူညီမယ်လို့ စဉ်းစားထားတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ဖြစ်စဉ်တွေမှာ တစ်ချို့ကျတော့ အကူအညီမလိုဘူး ကျနော်တို့က ကူညီပေးဖို့ ပြောတဲ့ချိန်မှာ တစ်မျိုးမြင်သွားတာရှိတယ်။ ငွေရေးကြေးရေးကြောင့် ထောက်ပံ့မူကိုမျှော်လင့်လို့ သူတို့လုပ်တာမဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကိုမလိုလားလို့ ဆန္ဒပြတာ ထောက်ပံ့တဲ့ငွေတစ်သိန်းဆိုတာထက် သူတို့ရဲ့အလုပ်က ပိုမွန်မြတ်တယ် ပိုပြီးတော့စွန့်စားရတယ်ဆိုတာမျိုးပြောတဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် အထင်လွှဲမူမဖြစ်အောင် နောက်ပိုင်းမှာတော့ ဆက်သွယ်လာတယ် လိုအပ်တယ်ဆိုမှ ကျနော်တို့ကထောက်ပံ့မယ့် အစီစဉ်ဖြစ်သွားတာပါ။” ဟု ဦးအောင်ဟိန်းမင်းက ဆက်လက်ပြောဆိုသည်။

ဖားကန့်မြို့နယ်တွင်း CDM လူပ်ရှားမူတွင် ပါဝင်လာသည့် ဝန်ထမ်းများ တစ်နေ့ထက်တစ်နေ့ပိုမိုတိုးလာပြီး ဖောဖော်ဝါရီလ ၂၄ ရက်နေ့ထိ CDM လူပ်ရှားမူတွင် ပါဝင်လာသည့်ဝန်ထမ်းပေါင်း ၁၅၀ ဝန်းကျင်ရှိပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရ်ှိချိန် ဖားကန့်မြို့နယ်တွင်း CDM တွင်ပါဝင်လူပ်ရှားသည့် ဝန်ထမ်းများ ဖမ်းဆီးခံရမူ မရှိသေးသော်လည်း စိုးရိမ်ရသည့်အခြေနေမျိုးရှိနေကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင်း ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ပထမဆုံးအကြိမ် CDM တွင်ပါဝင်လူပ်ရှားသည့် ဝန်ထမ်း (၁၀)ဦးအား တစ်ဦးလျှင် တစ်သိန်းကျပ် စတင်ထောက်ပံ့ခဲ့ပြီး ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် ဒုတိယအကြိမ် (၇၃)ဦးအား ထောက်ပံ့ခဲ့ပြီး လက်ရှိချိန် CDM တွင်ပါဝင်သည့် ဝန်ထမ်းပေါင်း ၁၀၀ ကျော်အားထောက်ပံ့ထားပြီးဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို အလိုမရှိသောကြောင့် CDM တွင်ပါဝင်သော ပြည်သူ့ဝန်ထမ်းများအား ထောက်ပံ့ပေးနိုင်ရန်အတွက် ဖားကန့် CDM ကူညီရေးအဖွဲ့ကို ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် စတင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

 

Show More

Related Articles

Back to top button