ရွေးကောက်ပွဲဆိုင်ရာသတင်း

ဗန်းမော်ရှိ ဌာနဆိုင်ရာဝန်ထမ်းအများစု CDM တွင်ပါဝင်လာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ အစိုးရဌာနပေါင်းစုံမှဝန်ထမ်း ၇၀ ရာခိုင်နူန်းခန့် CDM တွင်ပါဝင်လာသည့်အတွက် ဌာနဆိုင်ရာရုံးများ လည်ပတ်နိုင်ခြင်းမရှိနိုင်သည့်အခြေနေတွင် ရှိနေပြီဖြစ်ကြောင်း သိရသည်။

“တစ်နေ့ထက်တစ်နေ့ တစ်ဖြည်းဖြည်းများလာတယ်။ ရှင်းရှင်းပြောရရင် အစိုးရရုံးတွေကဖွင့်ထားတယ်ဆိုတာလောက်ဘဲ တစ်ကယ့်တစ်ကယ်မှာတော့ လည်ပတ်နေတဲ့ရုံးဆိုတာမရှိတော့ဘူး အကုန်လုံး Shut Downတော့ဖြစ်ကုန်တဲ့အနေထားတော့ ရှိနေပြီ။” ဟု ဗန်းမော်မြို့ CDM ဝန်ထမ်းများအား လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှစကာ ဗန်းမော်မြို့နယ် CDMတွင်ပါဝင်သည့် ဝန်ထမ်းများအား လိုက်လံဖမ်းဆီးမူများ ရှိနေသော်လည်း ယနေ့ချိန်ထိ ဖမ်းဆီးခံရသူတစ်ဦးမှ မရှိသေးကြောင်း သိရသည်။

သို့သော်လုံခြုံရေးအရ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသောကြောင့် တတ်နိုင်သလောက် ကူညီမှုပေးနေကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

“ကျနော်တို့ကိုပေးတဲ့ဟာတွေ စားတာတွေကအစ အားနာတာမျိုးတွေဖြစ်လာကြတယ်။ ဒါပေမယ့် CDM လုပ်တဲ့ဝန်ထမ်းတွေကို ပြောချင်ပါတယ် အားနာစရာမလိုပါဘူး။ ကျနော်တို့ပြည်သူအားလုံးကလည်း ဝန်ထမ်းတွေကို CDM မှာပါဝင်လာဖို့ ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်။”ဟု ဆိုသည်။

ကချင်ပြည်နယ် CDM တွင်ပါဝင်လူပ်ရှားသည့်ဝန်ထမ်းများအား ကူညီထောက်ပံ့ပေးနိုင်ရန် မြို့နယ်အချို့တွင် ထောက်ပံ့ကူညီရေးအသင်းများ ဖွဲ့စည်းလျက်ရှိနေကြပြီး ငွေကြေးအားဖြင့်လည်း ကူညီထောက်ပံ့နေမူများရှိနေကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့ကတော့ လောလောဆယ်ငွေကြေးထောက်ပံ့မူတာတွေတော့မရှိဘူး ကျနော်တို့အဖွဲ့ကတော့ လုံခြုံရေးအရ ခနယာယီရှောင်နေရမယ့်ဟာတွေမျိုးကို ကူညီဆောင်ရွက်ပေးတာတွေရှိတယ်။ ဒါပေမယ့် နောက် ၃ရက်လောက်နေရင်တော့ ဒါတွေကိုကျနော်တို့အနေနဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတော့ ပြန်ပြီးစီစဉ်ပေးသွားဖို့ရှိပါတယ်။”ဟု ဒေသခံတစ်ဦး ကပြောသည်။

တပ်မတော် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ(၈)ရက်နေ့မှစကာ မြို့နယ်တိုင်းတွင် စစ်အာဏာဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများအား လုပ်ဆောင်နေကြပြီး အစိုးရဌာနဆိုင်ရာမှ ဝန်ထမ်းများလည်း CDM ပါဝင်လူပ်ရှားမူတွင် ပိုမိုပါဝင်လာကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် CDM တွင်ပါဝင်သည့် ဝန်ထမ်းများဖမ်းဆီးရန် လုပ်ဆောင်မူများရှိနေသည့်အပြင် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့်ပြည်သူများကိုလည်း လိုက်လံ ဖမ်းဆီးမှုများ ရှိနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button