သတင်း

မိုးညှင်းနှင့် ပူတာအို ခရိုင်တို့တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲ ဖြစ်ပွား

ကချင်ပြည်နယ်ရှိ အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းနှင့် တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၃၁ ရက်နေ့ နေရာ ၂ ခုတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KIA တပ်မဟာ ၈ တပ်ရင်း ၃၅ နယ်မြေဖြစ်သော မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ အနောက်ဘက် နမ့်ကြိုင်းမှော်ဘက်သို့ တက်လာသော အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်း ၆ စီးကို မွန်းလွဲပိုင်း ၃ နာရီခန့်တွင် KIA က တိုက်ခိုက်ခဲ့သည်။

“ဒီနေ့မနက်ပိုင်း ၁၀ နာရီ ဝန်ကျင်လောက်တွင် စစ်ကား ၆ စီးလူအပြည့်နှင့် တက်သွားတယ်။ အခုညနေပိုင်းလည်း ကား ၃ စီး နှင့်တက်သွားတယ်။ အခုထိတိုက်ပွဲဖြစ်နေတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

တက်သွားသော ယာဉ်တန်း ၆ စီးအနက် ၃ စီးသည် ပြန်ခေါက်လာပြီး ယနေ့ ညနေပိုင်း မောဟန်ကျေးရွာတွင် ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများပြောသည်။

အဆိုပါ ယာဉ်တန်းတိုက်ခိုက်ခံရမှုတွင် အာဏာသိမ်းစစ်တပ်၏အကျအဆုံးနှင့်ပတ်သက်ပြီး KIO ဗဟိုကော်မတီမှ အတည်ပြုချက် မရရှိသေးသော်လည်း စစ်သားအယောက် ၃၀ ခန့် ကျဆုံးကြောင်း KIA ရှေ့တန်းသတင်းများတွင် ဖော်ပြထားသည်။

ထို့အပြင် မနက် ၁၀ နာရီခန့်တွင်လည်း ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဆွမ်ပီယာန် ကျေးရွာအနီး အာဏာသိမ်းစစ်တပ် ခလရ (၁၃၈) တပ်ဖွဲ့ တပ်စွဲထားသော နေရာကို KIA တပ်မဟာ ၁ အောက် တပ်ရင်း ၇ အဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောသည်။

အလားတူ မတ်လ ၃၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင်လည်း ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ရှိ ကျောက်ကြီး ရဲစခန်းကို KIA က တိုက်ခိုက်ဖျက်စီးခဲ့သည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏ စခန်းများကို KIA က တိုက်ခိုက်ဖျက်စီးမှုများရှိနေသလို၊ အာဏာသိမ်းစစ်တပ်ဘက်ကလည်း ညအချိန် လက်နက်ကြီး ပစ်ခတ်မှုများရှိနေကြောင်း ပြည်သူများက ပြောဆိုနေကြပါသည်။

Show More

Related Articles

Back to top button