သတင်း

ပူတာအို စစ်အာဏာသိမ်းမှုဆန့်ကျင်သူ လူငယ်များကို ဝရမ်းထုတ်ထားသဖြင့် တိမ်းရှောင်နေရ

လူဦးရေအရ နည်းပါးသော ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုမြို့တွင် အာဏာရှင်စနစ်ဆန့်ကျင်သော လူငယ်များကို အာဏာသိမ်းစစ်ကောင်စီက ဝရမ်းထုတ် ဖမ်းဆီးအရေးယူမှုများပြုလုပ်နေသဖြင့် လမ်းပေါ်ထွက်လူထု လှုပ်ရှားမှုများ မရှိတော့ကြောင်း သိရသည်။

ပူတာအိုတွင် ဖမ်းဝရမ်းထုတ်ခံထားရသော လူငယ် ၁၁ ဦး ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် အာဏာရှင်ဆန့်ကျင်လှုပ်ရှားသည့် ဆန္ဒပြပွဲများ မရှိသလောက်ငြိမ်သက်နေကြောင်း ပူတာအိုဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“စစ်တပ်နဲ့ရဲက ပူးပေါင်းပြီးတော့ လှုပ်ရှားမှုတွေမှာ ဦးဆောင်တဲ့ ခေါင်းဆောင် တွေကို ရွေးပြီးတော့ အကြမ်းဖက်ဖမ်းဆီးတာတွေပြုလုပ်တယ်။ ဒီဒေသမှာက မြို့ကြီးကလို လူဦးရေစားရင်းလည်း အဲ့လောက်မများဘူးလေ။ ပြီးရင်သူတို့က ဖမ်းဝရမ်းတွေပြန်ထုတ်တယ်။ အဲ့လိုလုပ်လိုက်တော့ လူငယ်တွေက ပြန်လှုပ်ရှားလို့မရတဲ့အခြေအနေဖြစ်သွားတာပေါ့။ အခုဆိုရင် အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှု မလုပ်တာ ၁၀ရက်ကျော်လောက်တောင်ရှိသွားပြီ။ အားလုံးက ပြန်ပြီးငြိမ်သွားတဲ့ ပုံစံရောက်သွားတယ်ပေါ့” ဟု ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ပူတာအိုတွင် CDM ပြုလုပ်သည့် အစိုးရဝန်ထမ်းများ ၁၀၀ကျော်ခန့်ရှိခဲ့ပြီး ၎င်း CDM ပြုလုပ်သောဝန်ထမ်းများကို ဖမ်းဝရမ်းထုတ်ခြင်းနှင့် CDM ဆက်မလုပ်နိုင်ရန်ခြိမ်းခြောက် ဝန်ခံကတိထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်သောသူများကို သဘာဝဘေးအန္တရာယ်စံမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နှင့် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅-က တို့ဖြင့် ဝရမ်းထုတ် တရားစွဲဆိုထားကြောင်း သိရသည်။

“ဆန္ဒပြပွဲ ဆက်လုပ်တဲ့အတွက် ဖေဖော်ဝါရီလမှာ ဖမ်းဆီးခံရပြီး ပြန်လွှတ်လာတဲ့ လူငယ် ၅ယောက်နဲ့ နောက်ထပ် ၆ ယောက်ကို ဝရမ်းထုတ်ထားတယ်လို့ စခန်းမှူးကနေ ပြောဆိုနေတယ်လို့ကြားရတယ်။ ပြန်လွတ်လာတဲ့ ကျနော်တို့ လူငယ် ၅ဦးက ရွေးကောက်ပွဲစောင့်ကြည့်ရေးမှာပါဝင်ခဲ့တယ်။ အဲ့ကြောင့် စစ်တပ်ဗျူဟာမှူးက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လာတွေ့ဖို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ ၅ယောက်က သွားမတွေ့ဖြစ်ဘူး။ ရှောင်နေလို့ ဝရမ်းပြန်ထုတ်တယ်လို့ဘဲထင်တယ်” ဟု ဝရမ်းထုတ်အမည်စားရင်တွင်ပါရှိသည့် လူငယ်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

ပူတာအိုမြို့နယ်တွင်သာမက ခရိုင်အတွင်းရှိ နောင်မွန်းမြို့နယ်နှင့် အခြားမြို့နယ်တို့တွင်လည်း CDM ပြုလုပ်သည့် အစိုးရဝန်ထမ်းများကို ဝရမ်းထုတ်ထားပြီး ၎င်းတို့၏မိသားစုနေအိမ်များကို အာဏာသိမ်းစစ်တပ်များက ဝင်ထွက်စစ်ဆေးနေကြောင်း သိရသည်။

စစ်ကောင်စီက ဝရမ်းထုတ်ထားသည့် လူငယ် ၁၁ဦးအနက် လူငယ် ၅ဦးမှာ ဖေဖော်ဝါရီလကတစ်ခါဖမ်းဆီးခံရပြီး မတ်လ ၄ရက်နေ့ပြန်လည်လွတ်မြောက်လာသူများဖြစ်ပြီး ယခုတစ်ဖန် ဝရမ်းထုတ်ထားသည့် စာရင်းတွင်လည်း ပါဝင်နေသည်ဟု သိရသည်။

ပူတာအို စစ်အာဏာရှင်ဆန့်ကျင်မှုတွင်ပါဝင်ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် လူငယ်တစ်ဦးရှိပြီး ၎င်းကို ပုဒ်မ ၅၀၅-က ဖြင့် အာဏာသိမ်းစစ်တပ်က တရားစွဲဆိုထားသည်။

Show More

Related Articles

Back to top button