တိုက်ပွဲသတင်း

အာဏာသိမ်းစစ်တပ် ဂျက်တိုက်လေယာဉ်များ တရုတ်နိုင်ငံဘက်ခြမ်းမှ KIA ကို ပစ်ခတ်နေ

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အလောဘွမ် (Alaw Bum) စခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ရာတွင် တရုတ်နိုင်ငံဘက်ခြမ်းမှ ပတ်ကာ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဧပြီလ ၁၁ ရက်နေ့မှစတင်ပြီး KIA တပ်မဟာ ၅ အောက် အလောဘွမ် ကို အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် ၊ လက်နက်ကြီး အပြင် ခြေမြန်တပ်ရင်း စစ်ကြောင်း ၂ ခု ဖြင့် တိုက်ခိုက်လာခဲ့သည်။

အဆိုပါ အာဏာသိမ်းစစ်တပ်၏ ဂျက်လေယာဉ် ၂ စင်းက ဧပြီလ ၁၂ ရက်နေ့ တရုတ်ဘက်ခြမ်းမှပတ်ကာ အလောဘွမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့သည့် ရုပ်သံသည် Wechat တွင် မျှဝေသူများစွာရှိခဲ့နေသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာ ယခုလို ပြောဆိုခဲ့သည်။

“ဂျက်လေယာဉ်က နယ်စပ်ကျော်ပြီး ဝင်ပစ်တာမှန်ပါတယ်။ တရုတ်ဘက်ခြမ်းကို လက်နက်ကြီး ကျတယ်ဆိုတာလည်း မှန်ပါတယ်” ဟု ပြောသည်။

အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံဘက်ခြမ်း ကော်ဖီခြံတစ်ခုတွင် လက်နက်ကြီး ၅ လုံးခန့် ကျရောက်ခဲ့ကြောင်းကိုအတည်ပြုပြီး ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

လက်ရှိ လူမှုကွန်ရက်စာမျှက်နှာတွင်ပျံနှံနေသော ဂျက်လေယာဉ်တစ်စီး ပျက်ကျသည်ဟူသောသတင်းကို KIO အနေဖြင့် အတည်မပြုနိုင်ကြောင်းနှင့် ၂၀၁၆ ခုနှစ် မုံးကိုး တိုက်ပွဲက သတင်း ဖြစ်နိုင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

စစ်တပ်သည် ၎င်းတို့ စွန့်လွတ်လိုက်ရသော အလောဘွမ် (Alaw Bum) ကို ခြေမြန်တပ်ရင်း ၂ ခုဖြင့် အင်အားအလုံးအရင်း တိုးချဲ့ကာ ထိုးစစ်ဆင်နေသည်ဟု သိရသည်။

ဧပြီလ ၁၂ ရက်ညတွင် အဆိုပါ တပ်ရင်း ၂ အနက် တပ်ရင်း ၁ တစ်ခုကို ခြေမှုန်းလိုက်နိုင်ကြောင်းနှင့် နောက်ထပ် တပ်ရင်း ၁ ခုနှင့်မူ တိုက်ပွဲ မဖြစ်ရသေးကြောင်း ဗိုလ်မှူးကြီး နော်ဘူက အတည်ပြု ပြောဆိုခဲ့သည်။

ကချင်ပြည်နယ်အနှံတွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်နေသည်မှာ မှန်ကန်သော်လည်း အလောဘွမ် (Alaw Bum) တွင်သာ ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button