တိုက်ပွဲသတင်း

ဖားကန့်လမ်းတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်ပွားခဲ့

ဖားကန့်လမ်း ဂေါ့လူယာန် နှင့် ခွမ်ဆိုင်ယာန်ကျေးရွာကြား ဧပြီလ ၁၄ရက်နေ့ မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နှင့် အာဏာသိမ်းစစ်တပ်တို့ကြား နာရီဝက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

နမ့်ယာ စစ်တပ်ကုန်းမှ အာဏာသိမ်းစစ်တပ် အင်အား ၄၀ ကျော်ခန့်က ခြေလျှင်ဖြင့် ကပ်မှော်ကျေးရွာတစ်လျှောက် ဝင်ရောက်လာစဉ် KIA တပ်မဟာ ၉ အောက် တပ်ရင်း ၄၄ က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကပ်မှော်ကျေးရွာ ဒေသခံတစ်ဦးထံမှသိရသည်။

“ဒီမနက် ၅နာရီလောက်မှာ ဗမာစစ်သားတွေက ဖြတ်သွားတာတွေ့လိုက်ရတယ်။ အယောက် ၄၀ ကျော်လောက်ရှိတယ်။ အဲ့ဒါကို ဒီမနက်ကတော့ KIA စစ်သားတွေက ဝင်ပစ်တယ်လို့သိရတယ်။ KIA စစ်သားတွေ ပစ်တာက ၁၅ မိနစ်လောက်ပါဘဲ။ ဒါပေမယ့် သူတို့က တစ်နာရီအထိ သေနတ်တွေဖောက်နေကြတာ။ ပြီးရင် နန့်ယား စစ်တပ်ကုန်းကလည်း လက်နက်ကြီးအချက် ၅ချက်လောက်ပစ်လွတ်တယ်လို့ထင်တယ်။ ကြားနေရတယ်” ဟု ပြောဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုငြိမ်သက်သွားပြီးနောက် ဖားကန့် တက်သည့် ခရီးသည်ကားများ ပုံမှန်အတိုင်း ဆက်သွားနေကြပြီး ထိခိုက်ဒဏ်ရာရရှိမူများ မကြားသေးကြောင်း သူကပြောဆိုသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများ နှင့် ယာဉ်တန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နေရာအနှံတွင် ပြောက်ကျား တိုက်ခိုက်နေသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button