ရွေးကောက်ပွဲဆိုင်ရာသတင်း

CRPH အဖွဲ့ဝင်အဖြစ် ဦးလမာနော်အောင် ပါဝင်လာမှုသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်အဖြစ် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ အင်ဂျန့်ယန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်ပါဝင်လာခြင်းသည် ပါတီကိုယ်စားပြုမဟုတ်ပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ဖြစ်သည်ဟု သိရသည်။

KSPP ပါတီမှ တရားဝင်နှုတ်ထွက်ထားခြင်းမဟုတ်သော်လည်း ပါတီတာဝန်များကို ရပ်နားထားသည်ဟု သိရသည်။

“CRPH မှာ ပါဝင်တဲ့အတွက် တနိုင်ငံလုံး အာဏာရှင်စနစ်ဆန့်ကျင်နေတဲ့အချိန်မှာ ပူးပေါင်းပါဝင်ရာလည်းရောက်တယ်။ ပြည်သူလူထုအားလုံးရဲ့အားပေးထောက်ခံမူလည်း ရရှိလာမယ်လို့ယုံကြည်တယ်။ ပြီးရင် ကျနော်တို့ကချင်အမျိုးသားတွေရဲ့အသံကိုလည်း ပိုပြီးထွက်ဆိုနိုင်မယ်လည်းယုံကြည်တယ်။ ဒါ့ကြောင့် ဒီအချက်တွေကိုစဥ်းစားပြီး ဆုံးဖြတ်ခဲ့တာပါ” ဟု ဦးလမာနော်အောင်က ကချင်သတင်းဌာန KNG ကို ပြောသည်။

ဦးလမာနော်အောင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် (KSDP) နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် (KSPP) ပေါင်းစည်းပါတီအဖြစ် အင်ဂျန့်ယာန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဆက်တိုက်အနိုင်ရရှိထားသူတစ်ဦး ဖြစ်သည်။

ဦးလမာနော်အောင် အနေဖြင့် CRPH အဖွဲ့ဝင်အဖြစ်ပါဝင်လိုက်ခြင်းသည် သူ၏သဘောဆန္ဒအတိုင်းသာ ဖြစ်သည့်အတွက် KSPP ပါတီမှ တစ်စုံတစ်ရာ ပြောဆို၍ မရနိုင်သေးကြောင်း KSPP ပါတီ ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုယ်စားလှယ်များက အာဏာသိမ်းပြီး ၅ ရက်အကြာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် ၂ ဦး ထပ်မံ ထည့်သွင်းခဲ့သည်။

ထို့နောက် ဧပြီ ၂၆ ရက်နေ့တွင် ဦးလမာနော်အောင်အပါအဝင် ၃ ဦးကို CRPH ၏ အဖွဲ့ဝင်များဖြင့် ထပ်မံတိုးချဲ့လိုက်ကြောင်း ကြေညာခဲ့သည်။

CRPH က ဧပြီလ ၁၆ ရက်နေ့ ဖွဲ့စည်းလိုက်သော အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် ဒုသမ္မတ ဦးလရှီးလ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ဒုပညာရေးဝန်ကြီး ဂျာထွယ်ပန် စသဖြင့် ကချင်အမျိုးသား ၃ ဦးပါဝင်လာခဲ့သည်။

Show More

Related Articles

Back to top button