စစ်ပြေးဒုက္ခသည်များသတင်း

ဗန်းမော်ခရိုင်စစ်ရှောင်များအတွက် အစားအသောက်နှင့် အသုံးအဆောင်လိုအပ်နေဆဲ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ကျေးရွာ ၇ ခုမှ စစ်ရှောင်ပြည်သူများအတွက် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသေးကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။

ဗန်းမော်လိုင်ဇာကားလမ်းမကြီးပေါ်က အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ဒေသခံများက မိုးမောက်နှင့် ဗန်းမော်မြို့သို့ ထွက်ပြေးခိုလှုံနေကြသည်။

မိုးမောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဘုရာကျောင်းဝင်းတွင် တိမ်းရှောင်လာသည့် စစ်ရှောင်များ ဧပြီလ ၃၀ရက်နေ့အထိ လူဦးရေ ၈၀၀ ကျော်ရှိသွားပြီး ၎င်းတို့အတွက်အကူအညီများ ဆက်လက်လိုအပ်နေသည်ဟု စစ်ရှောင်တာဝန်ခံတစ်ဦးထံမှ သိရသည်

သူတို့လည်း တစ်ခါတည်း ရောက်လာတယ်ဆိုတော့ ဘာမှပြင်ဆင်ထားတာမဟုတ်ဘူးလေ။ သူတို့အတွက် နေရာအဆင်ပြေအောင် ပွဲမှာ ခင်းပေးသလိုပေါ့။ မိုးကာတဲထိုးပေးတယ်။ စစ်ရှောင်လာတဲ့ လူဦးရေလည်း များလာတော့ အစားအသောက်တွေလည်း တတ်နိုင်သလောက်လုပ်ပေးတယ်။ဟု ပြောဆိုသည်။

ထို့ပြင် ဧပြီလ ၃၀ရက်နေ့ အထိ  မိုးမောက်မြို့နယ်တစ်လျှောက်ရှိ မြို့သစ်၊ ကုန်းလောနှင့် စီဟတ် ကျေးရွာတို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီ အာဏာသိမ်းစစ်တပ်မှ တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သောကြောင့် ဒေါ့ဖုန်းယာန်နှင့် မိုင်ဆပ်ကောင့် ကျေးရွာ ၂ခုမှ အိမ်ထောင်စု ၁၀ စု ထပ်မံ ထွက်ပြေးခိုလှုံလာကြောင်း သိရသည်။

တိုက်ပွဲကြောင့် မိုးမောက်မြို့နယ်အတွင်းကျေးရွာများမှ ထွက်ပြေးလာသူ ဧပြီလ ၃၀ရက်နေ့အထိ ခန့်မှန်းလူဦးရေ ၅ထောင်နဲ့ တစ်သောင်းကြားရှိသွားပြီဖြစ်ကြောင်း မြို့တွင်းစစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာဆွေမျိုးအိမ်အတွင်း တိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူတစ်ချို့တွင် အစားအသောက်အခက်အခဲများကြုံတွေ့နေရသောကြောင့် ရေရှည်တွင် ပိုမိုခက်ခဲလာနိုင်ကြောင်း သူက ယခုလိုပြောသည်။

ဒီ လူဦးရေများပြီး လူသိများတဲ့ စစ်ရှောင်စခန်းတွေမှာက အကူအညီတွေ အနည်းအများရနေကြသေးတယ်။ မြို့ပေါ်ထဲမှာ လူမသိသေးတဲ့ စစ်ရှောင်တွေအများကြီးရှိသေးတယ်။ သူတို့အတွက် ရေရှည်မှာပိုပြီး ခက်ခဲလာမယ်လို့ထင်တယ်ဟု ပြောဆိုသည်။

မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ဒေါ့ဖုန်းယာန်၊ ခလားယာန်၊ နောင်ချို၊  ကုန်းလော၊ နွမ်လန့်နှင့် မိုင်ဆပ်ကောင့်စသော ကျေးရွာများမှ စစ်ရှောင်များ ထွက်ပြေးနေရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button