စစ်ပြေးဒုက္ခသည်များတိုက်ပွဲသတင်း

အာဏာသိမ်းစစ်တပ် လက်နက်ကြီးကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိနေ

မိုးမောက်မြို့နယ် မြို့သစ် စလောင်းကုန်းဘက်ကို ပစ်ခတ်သော အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကြောင့် မြို့သစ် ဒေသခံ ၃ ဦး သေဆုံးသွားပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီကျော်ခန့်ကစတင်ပြီး အာဏာသိမ်းစစ်တပ်ဘက်က စစ်လေယာဉ်နှင့်အတူ လက်နက်ကြီးများဖြင့် KIA ရှိသော စလောင်းကုန်းဘက်ကို ပစ်ခတ်ရာ ကျေးရွာ ဘုန်းကြီးကျောင်းတွင် လက်နက်ကြီးကျသဖြင့် ဆရာတော်တစ်ပါး အပါအဝင် ပြည်သူတချို့ ကျည်စထိမှန် သွားကြောင်း ဒေသခံ တစ်ဦး ယခုလိုပြောသည်။

“လက်နက်ကြီးက ဘုန်းကြီးကျောင်းမှာသွားကျတယ် ထင်တယ်။ အဲ့မှာရှိတဲ့ ဆရာတော်တစ်ပါးကိုလည်း ထိသွားတယ်တဲ့။ နောက်တစ်ဦးလည်း ထိတယ်။ လူနာတင်ကား ၂စီးဆင်းလာတာ တွေ့လိုက်တယ်။ မြို့သစ်ဆရာဝန်ပြောဆိုတာလည်း တော်တော်စိုးရိမ်ရတဲ့ခြေနေဖြစ်တယ်”ဟု ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က KIA ကို သွားရောက်ပစ်ခတ်သော စစ်လေယာဉ် ၂ စီးအနက် ၁ စီးကို KIA က ပစ်ချလိုက်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် KIA သိမ်းပိုက်ထားသော အလော့ဘွမ်အပါအဝင် တောင်ခြေရှိ တပ်စခန်းများကို မြေပြင်စစ်အင်အားဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်းအရေးနှိမ့်ခဲ့သဖြင့် လေကြောင်းဖြင့်သာ တိုက်ခိုက်နေသည်မှာ ၁ ပတ် ကျော်လာပြီဖြစ်သည်။

ယခုလို စစ်တပ်၏ လက်နက်ကြီးနှင့် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ဒေသခံ အိမ်ခြေ ၅၀ ကျော်ပျက်စီးခဲ့ရပြီး စစ်ပြေးဒုက္ခသည် ၅ ထောင်ခန့် မိုးမောက်နှင့် ဗန်းမော်မြို့တို့တွင် ထွက်ပြေးခိုလှုံနေရသည်။

Show More

Related Articles

Back to top button