လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖားကန့်သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံရသူများ လွတ်မြောက်ခြင်းမရှိသေး

ဖားကန့်မြို့တွင် မေလ ၂ ရက်နေ့ တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးသပိတ်ပြုလုပ်ခဲ့စဉ် ဖမ်းဆီးခံရသည့် လူငယ်များကို ရဲစခန်းတွင်ထိန်းသိမ်းထားပြီး လွတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

ယမန်နေ့ တစ်ရက်တည်းပင် လုံးခင်းသပိတ်စစ်ကြောင်းမှ ၁၂ ယောက်၊ မော်ဝမ်းသပိတ်မှ ၆ ယောက် ဖမ်းဆီးခံရပြီး အဆိုပါ ၁၈ ဦးကို ဖားကန့်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ဆန္ဒပြပွဲ လူငယ်ခေါင်းဆောင်တစ်ဦးထံမှ သိရသည်။

“တစ်ယောက်မှ ခံဝန်ချက်နဲ့တော့ မရသေးဘူး။ နောက်ပြီး သူတို့ဘက်က ပုဒ်တပ်တာတွေတော့မရှိသေးဘူး။ ရဲစခန်းမှာဘဲ ထိန်းသိမ်းထားသေးတယ်။ ကျနော်တို့ဘက်ကလည်း ခံဝန်ချက်နဲ့ရအောင်တော့ လုပ်နေတယ်” ဟု ပြောဆိုသည်။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၁၈ ဦးတွင် အမျိုးသမီးပိုများပြီး ၁၈နှစ်မပြည့်သေး ကလေးများပင် ပါဝင်နေကြောင်း သိရသည်။

ဖားကန့်တွင် မေလ ၂ ရက်နေ့က လုံးခင်းသပိတ်နှင့် မှော်ဝမ်းသပိတ်ဆုံစည်းရန် သပိတ်စစ်ကြောင်းလူစုနေစဉ် ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွဲကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထိုသို့ ရဲနှင့်စစ်သားက အကြမ်းဖက် ဖြိုခွဲပစ်ခတ်မှုကြောင့် အသက် ၃၃အရွယ်ရှိ ကိုဝေဖြိုးကျဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ ၅ဦးထက်နည်း ရှိခဲ့သည်။

ဖားကန့်တွင် ဧပြီလလယ်ခန့်က ရဲစခန်းနှင့် စစ်တပ်ကုန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်ဖျက်စီးလိုက်ပြီးနောက်ပိုင်း ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွင်းမှုများမရှိသလောက်ဖြစ်ခဲ့ရာမှ မေလ ၂ ရက်နေ့တွင် ထပ်မံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button