
ကချင်ပြည်နယ် မံစီမြို့မရဲစခန်းအား ကချင်လွတ်လပ်ရေးတပ်မတော် KIA မှဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူးတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဒေသခံများကပြောသည်။
“စနိုက်ဘာနဲ့ ပစ်ခံရပြီး သေတာလို့ကြားတယ်။ အသေးစိတ်တော့ ကျနော်တို့လည်း မသိရဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ကပြည်သူတွေဖြစ်တော့ ရဲစခန်းမှာဖြစ်တဲ့ဟာတွေက တိတိကျကျ သိရဖို့ခက်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မံစီမြို့မရဲစခန်းအား မေ ၃ရက်နေ့ ည ၈နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂နာရီခန့်ပစ်ခတ်မှုကြာမြင့်ခဲ့သည်ဟု ဒေသခံများ ပြောသည်။
” ဒီမံစီအခြေစိုက် ခမရ ၃၁၉ အနားမှာ လက်နက်ကြီးပစ်သံ အချက် ၂၀လောက်ရှိတယ်။ ရဲစခန်းက ရဲတစ်ချို့က ထွက်ပြေးသွားတယ်ဆိုပြီးလည်း ပြောနေကြတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသွားသူသည် မံစီမြို့နယ်မှ ရဲမှုးဟိန်းထက်ဖြစ်ပြီး စခန်းမှူး မင်းမင်းလည်း ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ဧပြီလ ပထမပတ်မှစကာ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသည့်ကျေးရွာ ၁၀ ခန့်ရှိပြီဖြစ်သည်။
မံစီမြို့နယ်သည် KIA တပ်မဟာ ၃ အောက်နယ်မြေဖြစ်ပြီး တိုက်ပွဲမရှိသလောက်နည်းပါးခဲ့ရာမှ မေလ ၃ ရက်ညတွင် မြို့မ ရဲစခန်းတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။