သတင်း

ဝိုင်းမော် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်ရန် မြို့နယ်ပညာရေးမှူး ခြိမ်းခြောက်ခေါ်ယူနေ

ပြည်သူ့အာဏာဖီဆန်မှု CDM လှုပ်ရှားနေသော ဝိုင်းမော်မြို့နယ်မှ ပညာရေးဝန်ထမ်းများကို မေလ ၇ ရက်နေ့မှစတင်ပြီး လုပ်ငန်းခွင်ပြန်ဝင်ရန် မြို့နယ်ပညာရေးမှူးက ဖိအားပေးခြိမ်းခြောက်နေသည်ဟု သိရသည်။

မြို့နယ်ပညာရေးမှုး ဦးမွန်ကျော်မြင့်သည် CDM ပြုလုပ်သည့် ကျောင်းဆရာ၊ ဆရာမများကို ဖုန်းဖြင့်သော်လည်းကောင်း ခေါ်ယူတွေ့ဆုံမှုဖြင့်သော်လည်းကောင်း ဆက်သွယ်ကာ မလိုက်နာပါက ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုမှုပြုလုပ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဝိုင်းမော်မြို့မှ အမည်မဖော်လိုသူ ဆရာမ တစ်ဦးထံမှ သိရသည်။

“ကျောင်းပြန်ဖွင့်ဖို့ ဆရာမတို့ CDM လုပ်တဲ့ ဆရာ/မ တွေအားလုံးကို ပြန်ခေါ်နေပြီလို့သိရတယ်။ တစ်ချို့ဆရာမတွေက ဖိအားပေးတော့ ပြန်ဝင်သွားတာတွေရှိတယ်။ ဆရာမကိုလည်း ဖုန်းဆက်ခေါ်တယ် အလုပ်ထဲ ပြန်ဝင်ဖို့ပေါ့။ လစာမရလည်း ဘာမဖြစ်ဘူး။ ပြီးရင် အလုပ်ထုတ်လည်းဘာမဖြစ်ဘူး။ CDM ဆက်လုပ်နေမှာဘဲ”ဟု ပြောဆိုသည်။

ဖိအားပေးခြိမ်းခြောက်ခံရသည့်အတွက် CDM ပြုလုပ်နေသည့် ဆရာ/မ အများစုက လုပ်ငန်းခွင်ထဲ ပြန်ဝင်သွားကြကြောင်း သူက ဆက်ဆိုသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလက ဝိုင်းမော်မြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံထားရသော ဆရာမများလည်း ရှိနေဆဲဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုက လာမည့်လတွင် ပညာရေးစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဟု ကြေညာထားသည့်အတိုင်း ပြည်နယ်၊ မြို့နယ် ပညာရေးမှူးများမှတဆင့် ကျောင်းဆရာ၊ ဆရာမများကို လုပ်ငန်းခွင်ထဲ ပြန်ဝင်ရန် ဖိအားပေးခြိမ်းခြောက်နေသည်။

ဝိုင်းမော်မြို့နယ်တွင်သာမက မိုးညှင်းမြို့နယ် မြို့သစ်ကလေး အထက်တန်းကျောင်းမှ ကျောင်အုပ်ဆရာကြီး အောင်စိုးလင်းနှင့် စာရေးမအဆင့်ရှိသူ ဒေါ်သင်းသင်းအေးတို့ကလည်း CDM ပြုလုပ်နေသည့် ဆရာ၊ ဆရာမများကို ဖိအားပေးကာ ခေါ်ယူနေကြောင်း သိရသည်။

Show More

Related Articles

Back to top button