လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နေရပ်ပြန်ရောက်လျှင် ပြည်သူ့စစ်လုပ်ရမည်ဆိုသောသတင်းကြောင့် ချီဖွေစစ်ရှောင်များ စိုးရိမ်နေ

ချီဖွေမြို့ရှိ စစ်ရှောင်များသည် နေရပ်ပြန်ရန် စီစဉ်နေသော်လည်း နေရပ်ပြန်ရောက်လျှင် ပြည်သူ့စစ် လုပ်ရမည်ဆိုသည့်အချက်ကြောင့် စိုးရိမ်ပူပန်မှုရှိနေကြသည်။

ချီဖွေမြို့မှ ၈မိုင်ခန့်ဝေးသည့် ဂျိတ်လွယ်၊ ရစ်ဂျော်နှင့် နဘုတ် စသောကျေးရွာများမှ ပြည်သူများသည် လက်ရှိ ချီဖွေမြို့ပေါ်တွင် စစ်ရှောင်နေကြရပြီး ၎င်းတို့နေရပ်ပြန်ရန်အတွက် နေအိမ်များ ဆောက်လုပ်နေပြီ ဖြစ်သည်။

သို့သော် ကျေးရွာပြန်ရောက်လျှင် တစ်အိမ်ထောင်တစ်ယောက် ပြည်သူ့စစ်တာဝန်ထမ်းဆောင်ရမည်ဟု ဦးဘောမ်လန်းဦးဆောင်သော ဒေသအခြေစိုက် ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။

“တကယ်လို့ နေရပ်ပြန်ရင် တစ်အိမ်မှာ တစ်ယောက်က မဖြစ်မနေ ပြည်သူ့စစ်လုပ်ရမယ်တဲ့။ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်က ကြေညာထားတယ်။ ကျနော်တို့က အိမ်အရမ်းပြန်ချင်တယ်။ အိမ်ပြန်ရင်လည်း ပြည်သူ့စစ်က ပြန်မလုပ်ချင်ဘူး။ မပြန်ရင်လည်း ကျနော်တို့ပဲ နစ်နာဆုံးရှုံးမယ်။ အင်မတန်ခက်ခဲနေရပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပြည်သူ့စစ်အဖွဲ့များသည် ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာသိမ်းစစ်တပ်အောက်သစ္စာခံရသော လက်နက်ကိုင်အဖွဲ့များဖြစ်သည်။

ချီဖွေ၊ ဆော့လော် ၊ ပန်ဝါစသည့်ဒေသများသည် မြေရှားသတ္တုတူးဖော်သောနေရာဖြစ်သောကြောင့် စစ်ရှောင်များအနေဖြင့် နေရပ်မပြန်ပါက ၎င်းတို့၏ မြေယာများ ဆုံးရှုံးသွားမည်ကို တွေးပူနေကြသည်။

“အဓိကတော့ တောင်ယာ လုပ်ကိုင်စားသောက်ကြတယ်။ သူတို့အနီးတစ်ဝိုက်မှာတော့ မြေရှားတူးတာတွေရောက်လာကြပြီ။ အဲဒါကြောင့် သူတို့မပြန်ရင် သူတို့ မြေပျောက်မယ်၊ ပြန်ရင်လည်း ပြည်သူ့စစ်လုပ်ရမယ်၊ အဲလိုဖြစ်နေတယ်” ဟု အထက်ပါ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

နေရပ်ပြန်ရန် စီစဉ်နေသည့် ကျေးရွာ ၃ခုအနက် ဂျိတ်လွယ်ကျေးရွာစစ်ရှောင် အိမ်ထောင်စု ၃၀အတွက် နေအိမ်ဆောက်လုပ်ပြီးစီးပြီ ဖြစ်သောကြောင့် မေလ ၂၀ ရက်နေ့တွင် ဆုတောင်းပွဲ ပြုလုပ်တော့မည်ဖြစ်ကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

သို့သော် ကျန်သည့် ရစ်ဂျော်နှင့် နဘုတ်စစ်ရှောင်များအတွက် နေအိမ်ဆောက်လုပ်ဆဲဖြစ်သောကြောင့် လာမည့်မိုးတွင်းကာလမှသာ နေရပ်ပြန်နိုင်မည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ချီဖွေမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နီးစပ်ရာ ကျေးရွာမှ ပြည်သူများသည် ချီဖွေမြို့သို့ ထွက်ပြေးလာခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button