
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆီဘောက်ဆာ ကား ၂စီး ယမန်နေ့က ပစ်ခတ် ဖျက်ဆီးခံလိုက်ရသည်ဟု သိရသည်။
မေလ ၁၉ ရက် နေ့လည် ၂နာရီခန့်အချိန်တွင် ပူအာအိုဘက်သို့ တက်လာသည့် ဂါလံ ၂၈၀၀ ဆီဘောက်ဆာ ကား ၂စီးကို မိုင်ထောင်းနှင့် ခဂရန်းကျေးရွာ ၂ခုကြားတွင် တိုက်ခိုက်ဖျက်ဆီးလိုက်ကြောင်း မိုင်ထောင်းကျေးရွာ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။
“ဆီဘောက်ဆာ ကား ၂စီးမီးရှို့ဖျက်စီးလိုက်တာ မှန်ပါတယ်။ ကျနော်တို့ ရွာနဲ့နီးနီးလေးမှာဖြစ်သွားတာဟုတ်တယ်။ သိရသလောက်က သေနတ်အသေးနဲ့အရင်ပစ်ပြီးမှ မိုင်းခွဲမီးရှို့လိုက်တယ်တဲ့။ အခုအဲ့ဆီကား ၂စီးက တစ်စစီဖြစ်နေပြီ။ အဲ့မှာပါတဲ့ဆီတွေလည်း ပြန်ယူလို့လည်းမရတော့ဘူး။ KIA ဘက်ကတော့ စစ်ကောင်စီနဲ့ပတ်သက်တယ်ထင်ပြီး ပစ်လိုက်တယ်လို့တော့ကြားရတယ်” ဟု ပြောဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သတင်းမရရှိသေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဆီဘောက်ဆာကား ၂စီး မောင်းနင်လာသည့် လူ ၄ ဦးတွင် ၂ဦးက ထွက်ပြေးသွားခဲ့ကြောင်းနှင့် ကျန် ၂ဦးမှာ ထိခိုက် ဒဏ်ရာရရှိထားကြောင်း သိရသည်။
ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသတွင် အာဏာသိမ်းစစ်တပ်၏ ဆီဘောက်ဆာကားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။