နောင်မွန် နှစ်ခြင်းဘုရားကျောင်းကို ပုတ်ခတ်ပြောဆိုခြင်း မပြုလုပ်ရန် ထုတ်ပြန်ချက်ထုတ်

နောင်မွန်နယ်အတွင်းရှိ နှစ်ခြင်းအသင်းတော်များနှင့် အမှုတော်ဆောင်များကို တစ်စုံတစ်ရာထိပါးလာပါက ရဝမ်ရိုးရာယဉ်ကျေးမှုကော်မတီနှင့် ဌာနေပြည်သူ့စစ်အဖွဲ့က တာဝန်ခံရမည်ဖြစ်ကြောင်း နောင်မွန်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သောအဆိုပါစာကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ‘KBC KACHIN’ facebook page တွင် ယနေ့ နေ့လယ်က တင်ပြထားသည်။
ထုတ်ပြန်ချက်တွင် ရဝမ်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ ဒု-ဥက္ကဌ ဦးထုံဖူးဒဂုဏ်နှင့် ဌာနေပြည်သူ့စစ်အဖွဲ့ဦးဒါဇွမ် ယော်ရာမ်တို့သည့် နောင်မွန် နှစ်ခြင်းအသင်းတော်နှင့် ဝန်ထမ်းများကို KIA စစ်သင်တန်းတက်သူများသာ ဖြစ်သောကြောင့် ဖမ်းဆီးမည်ဟု စည်းရုံးရေးခရီးစဉ်များတွင် ဟောပြောနေကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ တွင် ထုံလာရွာ၊ ဧပြီ ၃၀ တွင် ကဆန်ခူးရွာ၊ မေလ ၂ ရက်နေ့တွင် ကွမ်လင်းရွာ၊ မေလ ၃ ရက်တွင် ဂါတ်ထုရွာနှင့် ထန်ထုရွာ၊ နမ်ပန်းဒမ်းတို့တွင် စသည့်တစ်ရွာဝင်တစ်ရွာထွက် စည်းရုံးရေး ခရီးတွင် ဦးထုံဖူးဒဂုဏ်နှင့် ဌာနေပြည်သူ့စစ်အဖွဲ့များ၏ ပြောဆိုမှုသည် နှစ်ခြင်းသာသနာကို ညိုးနွမ်းစေသည့်အပြင် ရဝမ်အမျိုးသားအချင်းချင်းကိုလည်း စိတ်ကွဲပြားစေကြောင်း ဆိုထားသည်။
ထို့အပြင် ပြည်သူ့စစ်အဖွဲ့နှင့် ဦးထုံဖူးဒဂုဏ်သည် နောင်မွန်ဒေသ KIA ကို ပြန်လည်တိုက်ခိုက်ရန် အိမ်တိုင်း ပြည်သူ့စစ်လုပ်ရမည်ဟု ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။