လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဘာသာရေးနှင့် ပြည်သူပိုင်နေရာများတွင် တပ်စွဲထားမှု ဒေသခံများ မလိုလား

ဒေါ့ဖုန်းယန်မြို့တွင်း ဘာသာရေးအဆောက်အဦးနှင့် ဆေးရုံ ၊ အစိုးရရုံးတို့တွင် အာဏာသိမ်းစစ်ကောင်စီက တပ်စွဲထားခြင်းကို အလိုမရှိကြောင်း ဒေသခံများ ပြောသည်။

ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး စစ်အင်အား ၂၀၀ ခန့်သည် မြို့တွင်း ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စည်ပင်ရုံးတို့တွင် တပ်စွဲထားသောကြောင့် နောက်ဆက်တွဲပြဿနာများအတွက် အလွန်စိုးရိမ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“၆ နေရာလောက်မှာရှိနေကြတယ်။ ပြည်သူပိုင်နေရာတွေမှာ တပ်စွဲထားတော့ ကျနော်တို့ပြည်သူတွေက ကြောက်တာပေါ့။ တစ်ချို့ဆိုအပြင်တောင် မထွက်ရဲကြဘူး။ ဘာရည်ရွယ်ချက်နဲ့ လာနေမှန်းကိုမသိဘူး။ တစ်ချို့က ရပ်ကွက်အတွင်း မသင်္ကာမှုနဲ့ ခြိမ်းခြောက်ပြီး ဝင်ရောက်စစ်ဆေးမှာကို စိုးရိမ်နေကြတယ်။ သအခုလို ပြည်သူတွေရှိတဲ့နေရာမှာ တပ်စွဲထားတော့ အချိန်မရွေး ဘာမဆိုဖြစ်လာနိုင်တယ်။ ဒါပဲစိုးရိမ်တယ်” ဟု ပြောဆိုသည်။

ပြည့်သူ့ဆေးရုံနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၂ ခုတွင် စစ်သားအများဆုံးနေထိုင်ကြပြီး ဘုန်းကြီးကျောင်း တစ်နေရာထဲမှာတင် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း သူက ဆက်ဆိုသည်။

မြို့တွင်း ထပ်မံတပ်စွဲနေထိုင်လာသော စစ်သားများသည် ယခုလအတွင်း ဗန်းမော်ဘက်မှ တိုးချဲ့လာသော အာဏာသိမ်းစစ်တပ်အောက် တပ်မ ၈၈ တပ်ဖွဲ့ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

ဒေါ့ဖုန်းယန်မြို့တွင် ခလရ ၁၄၂ တပ်ရင်းတည်ရှိပြီး ပြီးခဲ့သည့်လမှ ယနေ့တိုင် အဆိုပါစခန်းသို့ မြို့သစ် ၊ နွမ်းလန့်ဘက်မှ စစ်အင်အားတိုးချဲ့မှုများနှင့် ရိက္ခာပို့ဆောင်မှုများ ရှိနေဆဲဖြစ်သည်။

ထိုသို့ ပို့ဆောင်သော ရိက္ခာယာဉ်တန်းနှင့် စစ်ကြောင်းကို နွမ်းလန့်နှင့် ဒေါ့ဖုန်းယန်ကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button