သတင်း

ဝိုင်းမော် ရွှေညောင်ပင်ဂိတ်တွင် စစ်ဆေးမှု တင်းကြပ်

မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတစ်လျှောက်တွင် ဝိုင်းမော် ရွှေညောင်ပင် ခမရ ၃၂၁ စစ်တပ်ဂိတ်သည် စစ်ဆေးမှုအလွန်တင်းကြပ်သဖြင့် သတိထားသင့်ကြောင့် ခရီးသွားပြည်သူများက ပြောဆိုနေကြသည်။

ရွှေညောင်ပင်ဂိတ်တွင် စစ်တပ်က ဝိုင်ဖိုင်စနစ် ထောင်ထားကာ မသင်္ကာသူများ၏ မိုဘိုင်းဖုန်းကို အင်တာနက်ချိပ်ပြီး အသေးစိတ် စစ်ဆေးနေကြောင်း ခရီးသွားပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

“ဖုန်းမပါဘူးပြောရင် ဘာဖြစ်လို့ဖုန်း မပါရမလဲ၊ မဖြစ်နိုင်ဘူးဆိုပြီး အဲ့လိုပြောတဲ့သူတွေကိုဆိုရင် ပိုစစ်ဆေးတယ်။ သူတို့ သိပ်မသင်္ကာတဲ့ သူတွေရဲ့ ပစ္စည်းကို ထုတ်ပြီး တစ်ခုပြီးတစ်ခု စစ်တယ်။ ဂိတ်မှာတပ်ထားတဲ့ WIFI နဲ့ ဖေ့ဘုတ်ဖွင့်ပြီး အချက်အလက်တွေ ပုံတွေ ကြည့်ပြီး စစ်တာ။ ဖုန်းထဲက ကိုယ်ရိုက်ထားတဲ့ ဆာဖီလ် ပုံတွေရဲ့ နောက်ခံနေရာတွေကအစ ဘယ်မှာရိုက်ထားတယ်ဆိုတာတွေ အကုန်ကြည့်ပြီး စစ်တာ။” ဟု ပြီးခဲ့သည့် ဇွန်လအတွင်း ဗန်းမော်မှ ပြန်လာသော ခရီးသည်တစ်ဦးက ပြောပြသည်။

ရွှေညောင်ပင် စစ်ဆေးရေးဂိတ်တွင် ယောကျာ်းလေးများကို စစ်ဆေးမှု တင်းကြပ်ပြီး အဓိကအားဖြင့် ဆံပင် ပုံစံ၊ အသားရောင် နှင့် လက်မောင်း ဒူးများတွင် အမာရွှတ် ရှိမရှိ စသဖြင့် စစ်သင်တန်း တက်ခဲ့ လူငယ်များကို ပိုမိုစစ်ဆေးသည်ဟု ဆိုသည်။

ထို့အပြင် ခရီးသည်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပတ်သက်သော ဓါတ်ပုံနှင့် ပစ္စည်းတစ်ခုခုတွေ့ရှိပါက ကားသမားများကိုလည်း ဖမ်းဆီးရိုက်နက်မှုများပြုလုပ်ကြောင်း ထပ်မံ သိရသည်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းတွင် ယခင် အာဏာမသိမ်းမီကတည်းက လမ်းတစ်လျှောက် ဂိတ်များရှိသော်လည်း ခရီးသွားများကို တင်းကြပ်စွာ စစ်ဆေးခြင်းမျိုး မရှိခဲ့ပေ။

စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမှ KIO ဌာနချုပ် လိုင်ဇာသို့ ဝင်သော လိုင်းကားတချို့ကိုလည်း ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မြစ်ကြီးနား-ပူတာအိုလမ်းခရီးတွင်လည်း ယောကျာ်း ၃ ယောက်ထက်ပိုကာ ခရီးအတူသွားပါက စစ်ဆေးမှု တင်းကြပ်နေပြီး၊ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများ၏ အချက်အလက်ကို ဖြည့်စွက်ခိုင်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button