ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁)ကျေးရွာ တံတားအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ် ခလရ ၅၈ လက်အောက် ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယမန်နေ့ည တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ပစ္စည်းတစ်ချို့ကိုလည်း သိမ်းယူခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၁ ရက် ည ၈နာရီဝန်းကျင်တွင် KIA တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ တပ်ဖွဲ့က လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည့်အပြင် တပ်စခန်းအတွင်းရှိ တဲများကိုလည်း မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောပြသည်။
“သူတို့ရဲ့ စခန်း တဲ ၃ခုလောက်ကို မီးရှို့ဖျက်ဆီးပေးလိုက်တယ်။ တဲတစ်ခုဘဲကျန်တော့တယ်။ KIA ဘက်ကနေ လက်နက်ကြီးနဲ့ အရင်လာပစ်တယ်။ အဲ့လိုလာပစ်တော့ အဲ့စခန်းမှာရှိတဲ့ ပြည်သူ့စစ် စစ်သားတွေက ထွက်ပြေးသွားတယ် ထင်တယ်။ စခန်းကိုဝင်ပြီး မီးရှို့သိမ်းတာတွေ လုပ်သွားတယ်” ဟု ပြောဆိုသည်။
တိုက်ခိုက်ခံရသည့် ပြည်သူ့စစ် စခန်းအတွင်းမှ ဆိုင်ကယ် ၂စီး၊ သေနတ် ၂လက်၊ ကျည်ထောင့်များနှင့် လက်နက်ပစ္စည်း တစ်ချို့ကို လည်း KIA ကသိမ်းယူသွားခဲ့သည်။
KIA က ပြည်သူ့စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် ည၉နာရီခွဲဝန်းကျင်တွင် ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ KIA ရှိသည့်ဘက်သို့ လက်နက်ကြီး ၃ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြည်သူ့စစ်တပ်စခန်းတွင် ယခင်က ဝိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ တပ်စွဲနေထိုင်ခဲ့သော်လည်း လက်ရှိတွင် အောင်မြေ (၁)နှင့် တာလောကြီးကျေးရွာ ၂ခုမှ ပြည်သူ့စစ် ၁၀ ဦးခန့် ပုံမှန်ရှိနေသော တပ်စခန်းဖြစ်ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။