ဖားကန့် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦး ကျည်ထိ ဒဏ်ရာ ရ
ဖားကန့် ကပ်မှော်အုပ်စု ဆိုင်းဖရာကျေးရွာ (Seng Hpra Mare) နှင့် ခွမ်ဆိုင်ဇွပ် (Hkum Tsai Zup) ကျေးရွာအတွင်းသို့ ယနေ့ နံနက် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျရောက်သဖြင့် ပြည်သူ ၆ ဦး ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။
ယနေ့နံနက် ၅နာရီခွဲဝန်းကျင်တွင် ဖားကန့် ဆိုင်းဖရာကျေးရွာအနီး ခွမ်ဆိုင်ဇွပ်ကျေးရွာအနောက်ဘက် တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ၁ နာရီခန့်ကြာ အပြန်လှန် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ထိုနေရာသို့ နန့်ယားကျေးရွာ (Nam Ya Mare) အခြေအစိုက် စစ်တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်းဖရာကျေးရွာ နှင့် ခွမ်ဆိုင်ဇွပ် ကျေးရွာ ၂ ခုတွင် လက်နက်ကြီး များ ကျရောက်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲဖြစ်တဲ့ဘက်ကို နန့်ယားစစ်တပ်က လက်နက်ကြီးနဲ့ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ဘက်ကို မကျဘဲ ရွာမှာ ၃လုံးကျတယ်။ ရွာထိပ်ဘက်မှာ ၂လုံးကျတယ်။ KBC ဘုရားကျောင်းရှေ့မှာက လူနေအိမ် ရေချိုးကန်ထဲမှာသွားကျတယ်။ အိမ်မှာရှိနေတဲ့ ပြည်သူ ၅ ယောက်ကို ကျဉ်ထိမှန်သွားတယ်။ ၅ယောက်စလုံးက တစ်နေရာစီမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတယ်”ဟု ဆိုင်းဖရာ ဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။
လူနေအိမ်အတွင်း လက်နက်ကြီးကျပြီး ထိခိုက်ဒဏ်ရာ ရရှိထားသူ ၆ ဦးတွင် အမျိုးသမီး ၄ဦးနှင့် အမျိုးသား ၂ဦးဖြစ်သည်။ အမျိုးသား ၂ဦးအနက် တစ်ဦးမှာ ဂေါ့လိုယန်ကျေးရွာမှဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာ ရရှိထားကြောင်း သူက ဆက်လက်ပြောဆိုသည်။
“အဲ့အိမ်မှာက ဆွေမျိုးမိသားစု တစ်ခုလာတည်းနေကြတာ ဟုတ်တယ်။ လာတည်းနေတဲ့ မိသားစု ၄ ယောက်စလုံး ထိသွားတယ်။ တစ်ယောက်က အိမ်ပိုင်ရှင်အမျိုးသမီးဖြစ်တယ်။ နောက်တစ်ယောက်က ဂေါ့လိုယန်က အမျိုးသားဖြစ်တယ်”ဟု ဆိုင်းဖရာဒေသခံတစ်ဦးက ဆက်ဆိုသည်။
အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျည် ထိမှန်ထားသူ ၆ ဦးမှာ အသက် ၆၀နှစ်အရွယ် ဒေါ်ဖော်ယိုးဆိုင်း (Hpau Yu Seng)၊ အသက် ၃၇နှစ်အရွယ် ဒေါ်လုထွယ်စင်(Lu Htoi Tsin)၊ အသက် ၄၉နှစ်အရွယ် ဦဖော်လားဒွတ်လာ(Hpau La Dut La) ၊ အသက် ၅၁ အရွယ်ရှိ ဦးမဂျီလ(Maji La)၊ အသက် ၄၀ နှစ်အရွယ်ရှိ ဒေါ်ဖော်ယိုးခေါန် (Hpauyu Hkawn mai) နှင့် ၈နှစ်အရွယ်ရှိ ဖော်လား မပရီလွမ်(Hpaula Pri Lum)တို့ဖြစ်ကြသည်။
ဇူလိုင် ၁၄ ရက် ညနေပိုင်းကလည်း ဖားကန့်မှ ဆင်းလာသည့် အာဏာသိမ်းစစ်တပ်ကို ဂေါ့လိုယာန်ကျေးရွာ ဖုန်းတာဝါတိုင်အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြို တိုက်ခိုက်ခဲ့သည်။