Covid-19 Reportingသတင်း

မြစ်ကြီးနား မျက်မမြင်ကျောင်းမှ ကိုဗစ်လူနာများ သက်သာလာ၊ အစားအသောက် ဆက်လက်လှူဒန်းရန်တောင်းဆို

မြစ်ကြီးနား အေးမြသာယာ မျက်မမြင်ကျောင်းမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူများ ‌ကျန်းမာရေး ကောင်းမွန်လာပြီး အစားအသောက် လှူဒန်းမှုလည်း ထပ်မံလိုအပ်သေးကြောင်း ကျောင်းအုပ် ဆရာကြီးထံမှ သိရသည်။

“Positive ဖြစ်တဲ့သူအားလုံး ကျန်းမာရေးကောင်းပါတယ်။ တစ်ခါတစ်လေ အနံ့ပျောက်လိုက် ပြန်ရလိုက် အဲလိုလေးတွေဘဲ ရှိပါတယ်” ဟု ကျောင်းအုပ်ဆရာကြီးက ပြောသည်။

ပိုးတွေ့အတည်ပြုလူနာ ၁၂ဦးသည် ဇူလိုင်လ ၁၄ရက်နေ့ ၂ဦး ဇူလိုင်လ ၁၅ရက်နေ့တွင် ၁၀ဦး ကူးစက်ခံထားရခြင်းဖြစ်‌ကြောင်း သိရသည်။

လက်ရှိ ယင်းပိုးတွေ့လူနာများအား မျက်မမြင်ကျောင်းဝင်းအတွင်းရှိ အဆောင်တစ်ခုတွင် သီးခြားထားရှိပြီး အိမ်တွင်းကုသမှု နှင့် စောင့်ရှောက်မှု ပြုလုပ်လျက်ရှိ‌ကြောင်း ကျောင်းအုပ်ဆရာကြီးကပြောသည်။

ထို့ပြင် အဆိုပါ မျက်မမြင်ကျောင်းအား ဇူလိုင်လ ၁၄ရက်နေ့မှစကာ Lock Down ချမှတ်လိုက်သည့် အစားအသောက်အခက်ခဲများ ရှိ‌ခဲ့ကြောင်းလည်း ကျောင်းအုပ်ဆရာကြီးက ခုလိုပြောသည်။

“ကျနော်တို့ကျောင်းမှာ အရင်ကတော့ တစ်ပတ်ကိုဈေး ၂ခါသွားတယ်။ Lock Downချလိုက်တော့ အပြင်ထွက်မရတဲ့အတွက် အစားသောက်ခက်ခဲတာတွေရှိခဲ့တယ်။ ဒါပေမယ့် ခုနောက်ပိုင်းရက်တွေမှာ ခြံဝင်းတံခါးမှာ စားစရာတွေ လာလာထားပေးကြလို့ အနည်းငယ်တော့ အဆင်ပြေလာပြီ” ဟု ကျောင်းအုပ်ဆရာကြီးက ပြောသည်။

ယင်းကဲ့သို့ အစားမသောက်များ လှူတန်းပေးသူများအား ကျေးဇူးတင်ကြောင်းနဲ့ ထပ်မံလှူပေးကြရန်လည်း ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် ကိုဗစ်ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိပြီး ဇူလိုင်လ ၁၈ ရက်နေ့ထိ ပိုးတွေ့သူပေါင်း  (၂၀၀၀) ကျော်ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Show More

Related Articles

Back to top button